ရန်ကုန် မတ် ၂၈
ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး ဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်သည် မတ် ၂၆ ရက် နံနက်ပိုင်းက
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က ဆောင်ရွက်လျက် ရှိသော ရန်ကုန် တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင်စခန်း အနီးရှိ ရန်ကုန်မြို့ တော် ရေပေးဝေရေး စီမံကိန်း (ငမိုးရိပ်) ရေသန့်စင် စက်ရုံ မှ ဒုတိယ အဆင့် စီမံကိန်း လုပ်ငန်းများကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ စက်ရုံမှ ပထမအဆင့် စီမံကိန်း လုပ်ငန်းကို ၂ဝဝ၅ ခုနှစ်တွင် ပြီးစီးခဲ့၍ ရန်ကုန် မြို့တော်သို့ နေ့စဉ် သောက်သုံးရေ ဂါလန် ၄၅ သန်း ဖြန့်ဝေ ပေးလျက် ရှိသည်။ ယခုအခါ ဒုတိယ အဆင့် စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး ရာခိုင်နှုန်းပြည့် ပြီးစီးပါက ရန်ကုန် မြို့တော်သို့ နေ့စဉ် ရေဂါလန် ၄၅ သန်း ထပ်မံ ဖြည့် တင်း ပေးဝေနိုင်မည် ဖြစ်သည်။
ထို့နောက် ရန်ကုန် မြို့တော်ဝန်သည် မင်္ဂလာဒုံ မြို့နယ် ရန်ကုန်-ပဲခူးလမ်းရှိ ရတနာသီရိ ဈေးသစ် အတွင်း၌ လမ်းများအား ကွန်ကရစ် လမ်းချောခင်းကျင်း ပြီးစီးမှု၊ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်း အဝင်လမ်းအား တိုးချဲ့ခြင်း လုပ်ငန်း ဆောင် ရွက်နေမှု၊ မြောက်ဥက္ကလာပ မြို့နယ် သုနန္ဒာလမ်း၌ ငမိုးရိပ် ရေသန့်စင် စက်ရုံ ဒုတိယ အဆင့် စီမံကိန်း လုပ်ငန်းမှ အချင်းလက်မ ၄ဝ ရှိ HDPE ရေပိုက်လိုင်းများ ဆက်သွယ် ဆောင်ရွက် နေမှုနှင့် ကမာရွတ်မြို့နယ် တက္ကသိုလ် ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာ တက္ကသိုလ် ရှေ့၌ ယာဉ်ရပ်နားရန် နေရာ ပြုလုပ်နေမှုတို့ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
