မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 10 April 2013

နှစ်သက်မိခဲ့သော ပုံပြင်တိုစလေးများ

တစ်ခါတုန်းက ညီအကို နှစ်ယောက်ရှိတယ် ။ အဲဒီညီအကိုနှစ်ယောက်ဟာ သူတို့မိဘတွေပိုင်တဲ့ လယ်မြေတစ်ခုမှာ အတူအလုပ်လုပ်ကိုင်ကြတယ် ။ အကိုဖြစ်တဲ့သူက အိမ်ထောင်သည်ဖြစ်ပြီး သူက မိသားစုတွေနဲ့သိုက်သိုက်ဝန်းဝန်းနေထိုင်တယ်။ ညီဖြစ်သူကတော့ အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်းနေထိုင်သူဖြစ်တယ် ။ သူတို့ နှစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ပြီး လယ်မြေကနေထွက်တဲ့ သီးနှံနဲ့တခြားရောင်းချရတဲ့အမြတ်အစွန်းတွေကို ညီအကိုနှစ်ယောက်စလုံး ညီညီမျှမျှ ခွဲဝေယူလေ့ရှိကြတယ် ။

တစ်နေ့ကြတော့ ညီဖြစ်သူကစဉ်းစားတယ် ။ “ အင်း လယ်မြေက ထွက်တဲ့ သီးနှံ အကျိုးအမြတ်တွေကို ဒီလို ညီညီမျှမျှ ခွဲဝေနေတာ အဆင်မပြေလှဘူး ဘာလို့လည်းဆိုတော့ ငါက တစ်ယောက်တည်းနေတာ ပြီးတော့ ငါ့လိုအပ်ချက်က နည်းနည်းလေး ငါ့အကိုက အိမ်ထောင်သည်မိသားစုနဲ့ဆိုတော့ ငါ့အကိုအတွက်ငါ တစ်ခုခုစဉ်းစားရမယ် ” အဲဒီလိုတွေးပြီး ညတိုင်းညတိုင်းမှာ ညီဖြစ်သူက သူ့အကိုအတွက်ဆိုပြီး သူ့ရဲ့ စပါးကျီထဲက စပါးတစ်အိတ်တစ်အိတ်ကို ကွင်းပြင်ထဲကနေ တိတ်တဆိတ်ထမ်းပြီး သူ့အကို ရဲ့စပါးကျီထဲသွားသွားထည့်ခဲ့တယ် ။


အဲဒီအတောအတွင်းမှာလည်း အကိုဖြစ်သူ အိမ်ထောင်သည်ကလည်းစဉ်းစားတယ် ။ “ အင်း သစ်သီးဝလံတွေနဲ့ ရတဲ့ရောင်းချငွေတွေကို ညီညီ မျှမျှ ခွဲယူနေကြတာ မဟုတ်သေးဘူးထင်တယ် ငါက မိသားစုနဲ့ ငါ့အိုမင်းလာတဲ့အခါ ငါ့မိန်းမက ငါ့ကိုစောင့်ရှောက်လိမ့်မယ် ပြီးတော့ငါ့မှာ သားသမီးတွေလည်းရှိတယ်သူတို့အချိန်တန်အရွယ်ရောက်တဲ့အခါ ငါ့ကို ပြုစုစောင့်ရှောက်ကြလိမ့်မယ် ငါ့ညီလေးကတော့ တစ်ယောက်တည်းသမားဆိုတော့ သူနေမကောင်းဖြစ်ပြီးမကျန်းမာတဲ့အခါ သူ့ဘယ်လို အဆင်ပြေပါ့မလဲ ” လို့တွေးပြီး ညတိုင်းသူကလည်း သူ့စပါးကျီထဲက တစ်အိတ်တစ်အိတ်ထမ်းပြီး သူ့ညီလေးစပါးကျီထဲသွားထည့်ခဲ့တယ် ။

ဒီလိုနဲ့ ရက်တွေကုန်သွားပြီး နှစ်တွေပြောင်းလာခဲ့တယ် ။ ညတိုင်းညတိုင်း သူတို့ စပါးကျီထဲကစပါးတွေ ထုတ်ယူနေပါရက်နဲ့ ဘာလို့လျော့မသွားတာလဲဆိုတာကိုလည်းစဉ်းစားမရဖြစ်နေခဲ့တယ် ။ ဒီလိုနဲ့ ---

တစ်နေ့တော့ ညမှောင်မှောင်ထဲမှာ ညီအကို နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်လယ်ကွင်းပြင်ထဲ ၀င်တိုက်မိကြတယ် ။ အဲဒီတော့မှာ တစ်ယောက်နဲံ့တစ်ယောက်ကြည့်ပြီး အဖြစ်အပျက်အားလုံးကို နားလည်သွားကြတယ် ။ ပြီးတော့ ညီအကိုနှစ်ယောက်တစ်ယောက်ကို ကြည့်ပြီး စပါးအိတ်တွေပစ်ချလို့ တင်းကြပ်စွာပွေ့ဖက်ထားလိုက်ကြပါတော့တယ် ။