ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ
ဗုဒ္ဓဘာသာရဲ့ ထူးခြားချက်ကို ပြောမယ်ဆိုရင် ဝိဘဇ္ဇလို့ခေါ်တဲ့ ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာပြီးမှ ယုံခိုင်းတာ။ ဘုရားပြောတာ ဖြစ်တဲ့အတွက် အမှန်လို့ အတင်းအကျပ် မယုံခိုင်းတာဟာ ထူးခြားချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဘုရားက သူဟောတာတွေတောင် မှန်တယ်လို့ အတင်းမယုံခိုင်းပဲ ကိုယ်ကိုယ်တိုင် စဉ်းစား ဆုံးဖြတ်မှုနဲ့ပဲ ယုံကြည်ခိုင်း ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ကာလာမသုတ်ဟာ ထင်ရှားပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ရတော့မှာဆိုရင် တာဝန်ရှိလာပါပြီ။ ကိုယ်က ဘယ်လောက် အသိညဏ် ပညာရှိသလဲ ဆိုတာက အရေးပါမယ် ထင်ပါတယ်။ အသိညဏ် ပညာသစ်တွေ အတွက် တံခါးဖွင့်ထားတဲ့ စိတ်ရှိဖို့လည်း လိုပါတယ်။ ဒါပေမယ့် အသစ်ဆိုတာနဲ့ တခါတည်း လက်မခံဘဲ အကျိုးအကြောင်း ဆင်ခြင်နိုင်ရပါ့မယ်။
ခု ဆရာကြီး ဦးအေးမောင်ရဲ့ စာအုပ်ဟာ တစ်အုပ်လုံးလိုလို အသစ်တွေ ချည်းပါပဲ။ အဲဒီအထဲက တစ်ချို့သော အကြောင်းအရာတွေကို ကျွန်တော်က ကျွန်တော့် အမြင်လေးတွေနဲ့ တင်ပြလိုက်ပါတယ်။ တက်လို့ နားလည်လို့ ရေးတာ မဟုတ်ဘူးဆိုတာ ကြိုတင် ပြောထားပါရစေ။ ဆရာ ရေးသားထားတာတွေ အပေါ် ကျွန်တော့်အမြင် သက်သက်ပဲ ဖြစ်ပါတယ်။ မှားတယ် မှန်တယ်လည်း ဆုံးဖြတ်ချက် မပေးနိုင်ပါဘူး။ စိတ်ဝင်စားလို့ ဝင်ရောက် ဆွေးနွေးသွားမယ် ဆိုရင်တော့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
၁။ ဗုဒ္ဓရှိစဉ်အခါက ဗုဒ္ဓဆိုတဲ့ ဝေါဟာရမရှိဘဲ ဘဂဝါဆိုတဲ့ စကားကိုပဲ သုံးစွဲခဲ့ကြတယ်။ ဗုဒ္ဓဆိုတဲ့ စကားလုံးဟာ ထိပ်တန်း ပညာရှိ သူတော်သူမြတ်တွေကိုသာ ညွှန်းခြင်း ဖြစ်တယ်။ ဗုဒ္ဓခေတ်မတိုင်မီ ပွင့်ခဲ့တဲ့ ဗုဒ္ဓအဆူဆူ ဆိုတာကတော့ ရှေးခေတ် အဆက်ဆက်က ရှိခဲ့ဖူးတဲ့ ပညာရှိ သူတော်စင်များကိုသာ ရည်ညွှန်းခြင်း ဖြစ်တယ်လို့ ဆိုကြတယ်။
ရှေးအစဉ်အလာ ဗုဒ္ဓစာပေနယ်ထဲက မထွက်လိုတဲ့ မထွက်နိုင်တဲ့ ဗုဒ္ဓဝါဒီတစ်ယောက်အနေနဲ့ ဒီအဆိုကို လက်ခံဖို့ မလွယ်ပေမယ့် ကမ္ဘာ့အသိပညာ နယ်ပယ်ထဲမှာ ကျင်လည် နှံ့စပ်ချင်တဲ့ လူတစ်ယောက်အဖို့တော့ အတော်လေး ဆင်ခြင်သုံးသပ်ဖို့ ကောင်းတဲ့ အချက်ပဲလို့ ကျွန်တော်ထင်မိတယ်။
ဆိုကြပါစို့ ကိုအောင်သင်းရယ်၊ ဥပမာ- သိပ္ပံပညာရှင်တစ်သီးဟာ ပြသနာတစ်ရပ်ကို လေ့လာစူးစမ်းတယ်။ နောက်တော့ အဖြေကို တွေ့ရှိသွားတယ်။ အဲဒီအဖြေတွေ့ရှိချက်ဟာ သူ့တစ်ယောက်တည်းရဲ့ ဦးနှောက်ထဲက လုံးခနဲ ခဲခနဲ ထွက်လာတာမှ မဟုတ်တာ။ သူ့အရင် သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း တစ်စိတ်တစ်ဒေသအားဖြင့် ဆက်သွယ်နေမှာပဲ မဟုတ်လား။ (ဦးအေးမောင် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ) စာ (ဇ)
ကျွန်တော် ဖတ်ဖူးထားတာက ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူတဲ့ ဘုရားရှင်ဆိုပြီး၊ ဂေါတမ ဘုရားရှင်ရှေ့မှာ ပွင့်တော်မူသွားတဲ့ ဘုရားတွေလို့ သိထားတာပါ။ ဒါပေမယ့် ဆရာကြီးက အဲဒါဟာ ရှေးခေတ် အဆက်ဆက်က ရှိခဲ့ဖူးတဲ့ ပညာရှိ သူတော်စင်တွေကိုသာ ရည်ညွန်းတာဆိုတော့ တစ်မျိုးကြီး ဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ သိပ်မကြည်လင်နိုင်တဲ့ အချက်ပါပဲ။
နောက်တစ်ခု ကျွန်တော်ယုံကြည်ထားတာက သီလနဲ့ သမာဓိ တရားဟာ ဘုရားရှင် မပွင့်ခင်ကတည်းက ရှိခဲ့ သိခဲ့ကြတဲ့ တရားတွေ။ ပညာကတော့ ဘုရားရှင် ဟောမှ သိကြရတာ။ ရှေးက လုံးဝ မရှိခဲ့ဘူးလို့ ဒီလို သိထားခဲ့တာပါ။ ဒါပေမယ့် ဆရာကြီးရဲ့ ဆိုလိုချက်က ကျွန်တော့်အမြင်အရဆိုရင် ဘုရားရှင်ဟောကြားခဲ့တဲ့ ပညာသည်ပင် ရှေးက ရှိခဲ့ဖူးတာတွေအပေါ် အခြေခံထားရသလို ဆက်စပ်နေသလို ဖြစ်နေပါတယ်။ ဒါပေမယ့် နောက်တစ်နေရာမှာ ဆရာက အခုလို ပြန်ပြောထားတာတော့ ရှိပါတယ်။
"ကမ္မဝါဒ၊ ဘဝသံသရာ၊ ဈာန်တရား၊ ဒုက္ခသစ္စာ အစရှိတဲ့ အချို့သော ဗုဒ္ဓတရားတွေဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှေးအိန္ဒိယမှာ ရှိခဲ့ပြီး တရားတွေကိုး။ ဗုဒ္ဓဝါဒဟာ အဲဒီလို ရှိပြီးသားဖြစ်တဲ့ အယူဝါဒတွေနဲ့ ထွေးရောယှက်တင် ဖြစ်နေတဲ့ အတွက်ကြောင့် ဗုဒ္ဓရဲ့ ပညာဂုဏ်တော်ဟာ တစ်ပြားသားမျှ နိမ့်ကျသွားတယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဗုဒ္ဓက ရှေးဆရာတွေရဲ့ တရားတွေကို အကြွင်းမဲ့ လက်ခံခဲ့တာမှ မဟုတ်ပဲ။ ရှေးဆရာတွေရဲ့ ကမ္မဝါဒဟာ ဗုဒ္ဓဒေသနာတွေမှာ သိသိသာသာ ပြောင်းလဲသွားပုံကို ရှေ့ပိုင်းမှာ ကျွန်တော် ပြောခဲ့သေးသားပဲ မဟုတ်လား။"(ဦးအေးမောင် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ) စာ (ဇ၊ ဈ)
အရင်က ကျွန်တော် မြင်ထားတာက ဘုရားရှင်ဟာ ဘယ်သူမှ လုံးဝ မသိသေးတာကို သိလိုက်တာလို့ အကြွင်းမဲ့ ယုံကြည်ထားတာပါ။ ဒါပေမယ့် ဒီစာကြောင့် ဘုရားမတိုင်ခင် ကတည်းက အချို့သော တရားတွေကို တစွန်းတစ သိထားပြီးပြီလို့ ဆိုလိုတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီအတွက်ကြောင့် ဘုရားရဲ့ ဂုဏ်တော်ကို တစ်ပြားသားမှ မထိခိုက်ဘူးလို့ ရှင်းပြထားပါတယ်။
၂။ ဒါပေမယ့် ဒီနေရာမှာ ဗုဒ္ဓက ငါဘုရား၏ တရားကို နာကြားရသော်လည်း အချို့ပုဂ္ဂိုလ်တို့သည် အကျွတ်တရား ရကြမည် မဟုတ်။ အချို့ပုဂ္ဂိုလ်များကား ငါဘုရား၏ တရားကို မကြားနာရသော်လည်း အကျွတ်တရား ရကြလိမ့်မည် လို့ ဟောကြားထားတဲ့ ဒေသနာကို ကျွန်တော်တို့ မမေ့သင့်ဘူး။ အဲဒီ ဒေသနာထဲမှာ ဗုဒ္ဓမိန့်ကြားခဲ့တဲ့ အတိုင်းပဲ ဗုဒ္ဓရဲ့ ဒေသနာတွေကို မကြားနာဖူး၊ မလေ့လာဖူးပါဘဲနဲ့ကို မိမိတို့ စိန္တာမယဉာဏ်အစွမ်းနဲ့ အမှန်တရားကို သိမြင်သွားခဲ့ကြတဲ့ အနောက်နိုင်ငံသားတွေလည်း ရှိတာပါပဲ။(ဦးအေးမောင် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ) စာ (ဋ)
ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ခါတစ်လေ ပြောကြဖူးပါတယ်။ ဆရာပါရဂူဘာသာပြန်တဲ့ သိဒ္ဓတ္ထထဲက ဇာတ်လိုက်ဟာ အသိပညာ တစ်စုံတရာကို ရသွားတယ်။ သူဟာ ဘုရားနဲ့ တွေ့တယ်။ ဘုရားတရားတွေကို သူနှစ်သက်တယ်။ ဒါပေမယ့် သူတကယ် တရားရသွားတာက မြစ်ဘေးမှာ ထိုင်ပြီး မြစ်ရဲ့ အသံကို နားထောင်ရင်းနဲ့ ဖြစ်နေတယ်။ သူသိသွားတာ ဘာဖြစ်နိုင်လဲပေါ့။ ဘာလို့ အဲဒီလိုဆွေးနွေးရသလဲဆိုရင် ကျွန်တော်တို့ သိထားတာက ဘုရားရှင် တစ်ဆူရဲ့ သာသနာကွယ်ပပြီး နောက်ဘုရားရှင် သာသနာ မရောက်သေးခင်မှာ ပစ္စေက ဗုဒ္ဓါဆိုပြီး ကိုယ့်ဘာသာ တရားထူရသွားတဲ့ ဘုရားငယ်တွေရှိတယ်။ ဘုရားသာသနာ အတွင်းမှာတော့ ဘုရားရဲ့ တရားတွေကို နာကြားကြပြီးမှပဲ တရားကို သိမြင်ကြတယ်လို့ သိထားတဲ့အတွက် သိဒ္ဓတ္ထဟာ တရားရလား မရလား ကျွန်တော်တို့ ဆွေးနွေးကြတာပါ။ ဒါပေမယ့် မသိဘူးနဲ့ပဲ အဆုံးသတ်ရပါတယ်။ အခုစာအရဆိုရင်တော့ ရှင်းပါတယ်။ ဘုရားက ငါဟောမှ မင်းတို့ သိကြမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာရှာလည်း ရတယ်လို့ လူတွေကို လမ်းဖွင့်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် စဉ်းစားကြည့်တာပါ။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။
၃။ မြန်မာနိုင်ငံ၌ အဘိဓမ္မာ ပိဋကတ်သည် ဗုဒ္ဓဝါဒီတို့၏ အထူးအလေးဂရုပြုခြင်းကို ခံရ၏ အဘိဓမ္မာကျမ်းများ၌ ဗုဒ္ဓဓမ္မ၏ အစီအနှစ် အများဆုံး ပါရှိသည်ဟု ယုံကြည်ကြ၏ ဥရောပ၊ အမေရိကန်နိုင်ငံများတွင်မူ သုတ္တန်ပိဋကတ်ကို ဦးစားပေး၍ လေ့လောကြ၏ နိကာယ်ငါးကျမ်းတွင် ဗုဒ္ဓဟောသော အခြေခံတရား အားလုံးကို တွေ့ရှိနိုင်သည်ဟု ယူဆကြ၏ မြန်မာနိုင်ငံ၏ ပရိယတ္တိစာမေးပွဲများတွင်အဘိဓမ္မာကို အရေးပေး၍ အနောက်နိုင်ငံ ဗုဒ္ဓကျမ်းစာများမှာ နိကာယ်ကျမ်းများကို မှီငြမ်းကာ ရေးသားထားသော စာအုပ်များ ဖြစ်၏။ (ဦးအေးမောင် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ) စာ (၈)
ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာပါဝင်သည်ဟု ဝိနည်းစူဠဝါနှင့် မဟာဝင်၊ ဒီပဝင်ကျမ်းများ၌ ပြဆိုမထားချေ။ ဒီဃနိကာယ် အဌကထာတွင် ပါရှိသော ပထမ သင်္ဂါယနာအကြောင်း၌ ဝိနည်း ပိဋကတ်နှင့် ပထမ နိကာယ်လေးရပ်ကို အာဂုံဆောင်၍ ထိန်းသိမ်းရန် တာဝန်ပေးအပ်ကြသည် ဆို၏ အဘိဓမ္မပိဋကတ်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိချေ။ အချို့သော ပါဠိတော်တို့တွင် အဘိဓမ္မာဆိုသော ပုဒ်ကို တွေ့ရ၏ သို့သော် သတ္တန္တပိဋကတ်လာ ထို အဘိဓမ္မာမှာ လက်ရှိ အဘိဓမ္မာ ခုနှစ်ကျမ်းကို မရည်ညွှန်းပဲ သုတ္တန်ဒေသနာများမှ နက်နဲသော တရားကို ဆိုလိုဟန် ရှိသည်။
သဗ္ဗတ္တိဝါဒ အဘိဓမ္မာသည် ထေရဝါဒ၏ အဘိဓမ္မာနှင့် ပါဝင်သော အကြောင်းရပ်များ လုံးဝမတူချေ။ အထက်က ဖော်ပြခဲ့သည့်အတိုင်း ဝိနည်း၊ သုတ္တန်ဒေသနာများ အခြေခံတူညီပါလျက် အဘိဓမ္မာ ပိဋကတ်များသည် ဗုဒ္ဓသံဃာဂိုဏ်ကွဲပြီးမှ တသီးတခြားစီ ပေါ်လာသော ပိဋကတ်များ ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏ (ဦးအေးမောင် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ) စာ (၁၉)
ထို့ကြောင့် အနောက်နိုင်ငံမှ ပါဠိပညာရှင်များ အမြင်အားဖြင့် အဘိဓမ္မသည် နောက်မှ ပေါ်ပေါက်လာသော ပိဋကတ်အဆွယ်အပွားဖြစ်၍ သုတ္တန်တပိဋကတ်ထက် ပိုမို ထူးခြားနက်နဲသည် မဟုတ်ချေ။ ပိဋကတ်သုံးပုံကို နှံ့နှံ့စပ်စပ် လေ့လာဖူးသော ဥရောပ ပညာရှင်တစ်ဦးကမူ ပါဠိစာပေမှ ကျွန်ုပ်တို့သိရှိရသော ဗုဒ္ဓ အဘိဓမ္မာသည် အဘိဓမ္မာ ပိဋကတ် တစ်ခုလုံး မရှိစေကာမူ စိုးစဉ်းမျှ ယုတ်လျော့သွားလိမ့်မည် မဟုတ်။ အဘိဓမ္မာ ပိဋကတ်တွင် ပါရှိသော တရားအားလုံးကို သုတ္တံပိဋကတ်တွင် တွေ့နိုင်ပါသည်ဟု တွေ့နိုင်ပါသည်ဟု ရေးသားခဲ့ပါသည်။ (ဦးအေးမောင် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ) စာ (၂၀)
ကျွန်တော်သိထားသလောက်ကတော့ ပိဋကတ်သုံးပုံမှာ အဘိဓမ္မာ ပိဋကတ်ကို မြတ်စွာဘုရားဟာ တာဝတိံသာမှာ မယ်တော် သန္တုတိသ နတ်သားကို ကျေးဇူးဆပ်သော အားဖြင့် သုံးလတိုင်တိုင် ဟောတယ်၊ နောက် ဟောနေရင်းနဲ့ ဆွမ်းခံချိန်ရောက်ရင် ကိုယ်တော်ကိုယ်စား နိမ္မိတ ရုပ်ပွားတော် တစ်ဆူဖန်တီးပြီး တရားဆက်လက်ဟောစေကာ ကိုယ်တော်ကိုယ်တိုင်က မြောက်ကျွန်းကို ဆွမ်းခံထွက်တယ်။ ဆွမ်းစားတာကို ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးက ပြုစုတော်မူပြီး၊ ဆွမ်းစားပြီးချိန်မှာ နတ်ပြည်မှာ ဟောတဲ့တရားကို အကျဉ်းမျှ ဟောပြတော်မူတယ်။
ရှင်အာနန္ဒာမထေရ်ကိုလည်း နောက်ပိုင်းမှာ ပြန်ဟောပြတော် မူတယ်လို့ သိထားပါတယ်။ မြတ်စွာဘုရား တရားတော်ရဲ့ အဆီအနှစ်တွေလို့ပဲ သိထားပါတယ်။ ခက်ခဲနက်နဲတဲ့အတွက် သာသနာကွယ်ပျောက်ရင် အရင်ဆုံး ကွယ်ပျောက်မယ့် တရားတော်အဖြစ် အဘိဓမ္မာတရားတော်ကို သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ သံဃာတွေ ရွတ်ဖတ်နေတဲ့ ပဌာန်းကျမ်းကတော့ အဘိဓမ္မာထဲမှာမှ အရင်ဆုံးကွယ်ပျောက်မယ်ဆိုပြီး မပျောက်ပျက်ရလေအောင် ရွတ်ဖတ်နေကြတယ် လို့ ဒီလို သိရှိထားပါတယ်။ ခု ဒီအမြင်က ဆန့်ကျင်ဘက်ကြီးကို ဖြစ်နေပါပြီ။ ဒါကိုတော့ မှတ်ချက်ပေးနိုင်လောက်အောင် ကျွန်တော်က မပြည့်စုံသေးပါဘူး။
တစ်ခုတော့ စဉ်းစားမိပါတယ်။ အနောက်နိုင်ငံက ပညာရှင်တွေဟာ ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒ ကိုလေ့လာရာမှာ ဆိုကရေးတီး၊ အရစ္စတိုလ်တယ် အစရှိတဲ့ အတွေးခေါ် ပညာရှင်တွေလိုမျိုး ယုံကြည်ထားသလားလို့တော့ တွေးမိပါတယ်။ ဗုဒ္ဓတရားတော်ကို way of life အဖြစ် လေ့လာနေသလားလို့ပါ။ ကျွန်တော်ကတော့ ဗုဒ္ဓဟာ way of life ကိုသာမက end of life ကိုပါ သင်ကြားပေးခဲ့သူဖြစ်ပြီး၊ သူတို့အနေနဲ့ end of life ကို ပစ်ပယ်ခဲ့ကြတာများ ဖြစ်မလားလို့ပါ။ အဘိဓမ္မာက end of life ကို အဓိက သင်ကြားချက် ဖြစ်တယ် ထင်လို့ပါပဲ။
မူရင်း - homesickers.blogspot.com/2009/08/blog-post.html
