မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှုကြောင့် ယနေ့ ညနေပိုင်း အထိ ရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာ ရရှိသူ ၃၉ ဦးရှိ ကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှု အနေဖြင့် နေအိမ် ၁၅၂ လုံး၊ မော်တော်ယာဉ် နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ရှိကြောင်း သိရှိရသည်။
နိုင်ငံတော် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/ ၂ဝ၁၃)ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ပြီး ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင် နိုင်ရေးကို အမြန် ဆုံး ဖော်ဆောင် ပေးနိုင်ရေးအတွက် မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ် အပါ အဝင် မြို့နယ် လေးမြို့နယ်အား ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာထားသည်။
ပြည်သူများ အနေဖြင့် ဆူပူ အကြမ်းဖက်မှုများ ကျယ်ပြန့် မလာစေရေးအတွက် တာဝန် ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက် ကြပါရန်နှင့် ယခုဖြစ်စဉ်တွင် ဆူပူ အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို ဦးဆောင် ပြုလုပ်ခဲ့သူများ၊ ထပ်မံ၍ အလားတူ လုပ်ဆောင်ရန် ကြံစည်သူများအား တွေ့ရှိပါက အရေးယူနိုင်ရေး အတွက် သတင်းပေး ပို့ကြပါရန် သက်ဆိုင်ရာ က မေတ္တာ ရပ်ခံထားကြောင်း သတင်းရရှိသည်။
