ဆန်ရေ
စုံရေ ဆန်ရေ ဆိုပြီး လောကစကားတစ်ခု ရှိပါတယ်။ ရေစီးအတိုင်း အောက်ကို အလိုက်သင့်လိုက်ပါလာတာကို ရေစုံမျောလာတယ်လို့ ပြောကြပြီး အောက်ကနေ အထက် ရေကို ဆန်ပြီး တက်လာတာကို ရေဆန် တက်လာတယ် လို့ ပြောကြပါတယ်။ ရေကူးသမားဟာ ရေစုံမျောပြီး လိုက်သွားရင် သက်တောင့်သက်သာ လိုက်ပါသွားနိုင်ပေမယ့် ရေဆန်ကူးရတဲ့သူတွေဆိုရင် ၀ိရိယတွေ များစွာ ထုတ်သုံးပြီး ကူးခတ်ရတဲ့အတွက် ပင်ပမ်းစွာနဲ့လိုရာရောက်အောင် ကူးခတ်ကြရပါတယ်။ ရေဆန်ကူးတဲ့အခါ ရှိသမျှအင်အားတွေ ထုတ်သုံးရပါတယ်။
ဝီရိယလျှော့လိုက်လို့ရှိရင် ရေစုံမျောပြီး အောက်ရောက်သွားပြန်ပါတယ်။ ဒီလိုပါပဲ မဂ်ဖိုလ်အတွက် တရားအားထုတ်ကြတဲ့ ယောဂီများ ဟာလဲ ရေဆန်ကူးရတာနဲ့တူပါတယ်။ တရားအားထုတ်တဲ့ အခါ ထင်ရှားပေါ်ရာအာရုံအပေါ်မှာ ထိထိမိမိ ရှုမှတ်နိုင်အောင် (အာရုံနဲ့ မှတ်စိတ် တစ်ထပ်တည်းကျအောင်) ကြောင့်ကြစိုက်ပြီးရှုမှတ်ရပါတယ်။ ဒီကြောင့်ကြစိုက်တာကိုပဲ ၀ီရိယ လို့ခေါ်တယ်။ ဒါတင်မကသေး သတိ ပညာ ဆိုတဲ့တရားတွေလဲ အထူးလိုအပ်ပါတယ်။ ဒါကြောင့်လဲ တရားအားထုတ်တဲ့သူများဟာ အာတာပ လို့ခေါ်တဲ့ ‘၀ီရိယ’၊ အမှန်အတိုင်းသိမြင်နိုင်တဲ့ သမ္ပဇာနလို့ခေါ်တဲ့ ‘ပညာ’ ၊ ထင်ရှားပေါ်တဲ့အာရုံအပေါ်မှာ အမှတ်ရမှုဆိုတဲ့ ‘သတိ’ တွေ လိုအပ်တယ်လို့ သတိပဋ္ဌာနသုတ်မှာ ဆိုထားပါတယ်။ ဒါဟာ တရားအားထုတ်မဲ့သူများအတွက် ပထမလိုအပ်တဲ့ အရည်အသွေးတွေပါပဲ။ ယောဂီဟာ ၀ီရိယစတာတွေ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် တွန်းအားများစွာလိုအပ်ပါတယ်။ ဒီအတွက် အားထုတ်ချင်တဲ့စိတ်တွေ ဖြစ်ဖို့ တွန်းအားတွေလိုအပ်ပါတယ်။ နားလည်အောင်ပြောရရင် သဒ္ဓါတရား ဖြစ်ဖို့ပါပဲ။ တရားအားထုတ်ခါစ ယောဂီများဟာ ဒုက္ခဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ညိုးနွမ်းပြီး သဒ္ဓါတရားများ ကျဆင်းလာတတ်တယ်။ ဒါကြောင့်လဲ အမြဲမပြတ်အားထုတ်နိုင်ပြီး သမာဓိပညာတရားတွေ အထူးတိုးတက်ဖို့အတွက် ကျဆင်းနေတဲ့သဒ္ဓါတရားကို မြင့်တင်ပေးဖို့လိုအပ်တဲ့အတွက် တရားအားထုတ်နေကြတဲ့ ယောဂီများအား အားပေးစကားတစ်ခု ပြောဖြစ်ခဲ့ပါတယ်။ သုံးဆယ့်တစ်ဘုံ ရှိရှိသမျှသတ္တ၀ါတွေဟာ သူ့နေရာနဲ့သူ ပျော်မွေ့ကြတယ်။ လူ နတ် ဗြဟ္မာ တိရစ္ဆာန် ပြိတ္တာ ဘုံတွေမှာလဲ သူ့ဟာနဲ့သူ ပျော်မွေ့နေကြပါတယ်။ ငရဲကတော့ အနှိပ်စက်ခံကြတဲ့အတွက် သတ္တ၀ါများ မပျော်နိုင်တဲ့နေရာဖြစ်တယ်။ ဆိုလိုတာက သတ္တ၀ါများဟာသူ့နေရာနဲ့သူ ပျော်မွေ့ကြသလို သမုဒ္ဒရာထဲမှာလဲ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ငါးများ၊ ဂန္ဓဗ္ဘနတ်များ၊ နဂါးများ အပြင် အသုရာများလဲ ပျော်မွေ့နေထိုင်ကြပါတယ်။ တစ်ခါတုန်းက အသုရာနတ်များထဲမှာ အကြီးအကဲ သုံးဦးရှိတယ်။ ဝေပစိတ္တိ၊ ရာဟု ၊ ပဟာရာဒ လို့ အသီးသီး နာမည်တွင်ကြပါတယ်။ သူတို့ဟာ ဘုရားပွင့်တော်မူတဲ့နေ့မှာပဲ ဘုရားရှင်ဆီ ဒီနေ့ပဲ သွားမယ်။ နောက်မှ သွားမယ် လို့ တွေးရင်းနဲ့ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ကြသွားတယ်လို့ ဆိုပါတယ်။ ဒီလို အသုရာများ တွေးရင်းနဲ့ အချိန်ကြာမှန်းမသိကြာသွားသလို စာချစ်သူများလဲ တရားအားထုတ်မယ် ဆိုပြီး တွေးလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ တတရားအားထုတ်မဖြစ်တဲ့သူများ ရှိပါတယ်။ တစ်ခါက လူတစ်ယောက် နောင်ငါးနှစ်လောက်ကြာရင် ရိပ်သာမှာနေနိုင်အောင် အခုကတည်းက အလုပ်တွေ တဖြေးဖြေး ဖြတ်သွားမယ်လို့ ပြောဖူးပါတယ်။ နောင်ငါးနှစ်ကြတဲ့ခါ ထိုသူမှာ လုပ်ငန်းတွေ အများကြီးတိုးချဲ့လာတဲ့အတွက် ရိပ်သာထဲ မနေနိုင်သေးတာကို တွေ့ရပါတယ်။ ဒါကြောင့်လဲ “နွားသေရင် မြက်တန်းလန်း၊ လူသေရင် အလုပ်တန်းလန်း” လို့ စကားပုံတစ်ခု ပေါ်ထွန်းခဲ့တာ ဖြစ်မှာပါ။ တစ်နေ့ ဘုရားရှင်ဟာ ဝေရဉ္ဇရာမြို့အနီးမှာ သီတင်းသုံးနေတယ်လို့ ကြားတော့ ပဟာရာဒအသုရာက “ဘုရားထံကို သွားမယ်၊သွားမယ် ဆိုပြီးနေလာလိုက်တာ ဘာလိုလိုနဲ့ ဆယ့်နှစ်နှစ်တောင်ကြာခဲ့ပြီ။ မဖြစ်ဘူး၊ ဒီနေ့ပဲဘုရားထံသွားပြီး အမေးပြဿနာများမေးပြီး တရားနာမှဖြစ်မယ်” လို့ တွေးကာ အခြံအရံ အသုရာများနဲ့အတူ ဘုရားရှင်ထံ သွားခဲ့ပါတယ်။ ဘုရားရှင်ကို ဖူးမြင်ရတဲ့အခါမှာ မေးဖို့ရာ စဉ်းစားလာတာတွေ ဘယ်ရောက်ကုန်တယ်မသိ ပဟာရာဒကြီး မမေးနိုင်ရှာတော့။ဒါကိုသိတော်မူတဲ့ဘုရားရှင်ဟာ“ငါဘုရား ဦးစွာ မမေးရင်တော့ သူဘာမှပြောနိုင်မှာ မဟုတ်ဘူး။ သူကျွမ်းကျင်တဲ့အရာတစ်ခုကို မေးမယ်” လို့ တွေးပြီး မဟာသမုဒ္ဒရာထဲမှာ အသုရာများ ပျော်ကြရဲ့လား ဆိုတာကို မေးပါတယ်။ ပဟာရာဒက ပျော်မွေ့ကြတယ်ဆိုတဲ့အကြောင်းပြန်လျှောက်ပါတယ်။ ဘုရားရှင်က ဘာကြောင့်ပျော်မွေ့ကြတာလဲ လို့ မေးတဲ့အခါ မဟာသမုဒ္ဒရာမှာ အံ့သြစရာကောင်းတဲ့အရာ ရှစ်မျိုးကိုတွေ့မြင်ကြလို့ ပျော်မွေ့နေကြတယ်ဆိုတဲ့အကြောင်းပဟာရာဒအသုရာက ပြန်လျှောက်ပါတယ်။ ယူဇာနာရှစ်သောင်းလေးထောင်အနက်ရှိတဲ့ မဟာသမုဒ္ဒရာကြီးဟာ ကမ်းစပ်ကနေ ရေရဲ့အလယ်ဗဟိုကို အစဉ်အတိုင်း နက်ရှိုင်း နက်ရှိုင်း သွားတယ်။ သမုဒ္ဒရာရေဟာ ဘယ်ခါပဲကြည့်ကြည့် ကမ်းကို မကျော်လွန်သွားပါဘူး။ အပုပ်ကောင်တွေ အမိုက်တွေ ရှိနေမယ်ဆိုရင်လဲ ထိုအပုပ်ကောင်တွေကို လှိုင်းများက ပုတ်ခတ်ကာ ကုန်းပေါ်ရောက်အောင် တွန်းပို့ပေးကြတဲ့အတွက် မဟာသမုဒ္ဒရာကြီးဟာ သန့်ရှင်းတယ်။မြစ်ချောင်းကရေများဟာ မြစ်ချောင်းနာမည်ကိုစွဲပြီး (ဧရာဝတီမြစ်ရေ၊သံလွင်မြစ်ရေစတဲ့) နာမည်အမျိုးမျိုး ခေါ်ဝေါ်ကြပေမယ့် သမုဒ္ဒရာထဲရောက်သွားတဲ့ရေတွေကျတော့ မဟာသမုဒ္ဒရာရေ ဆိုပြီး နာမည်တစ်မျိုးပဲ ရှိတယ်။ မိုးရေတွေ စီးဆင်းလာတာ ဘယ်လောက်ပဲများများ သမုဒ္ဒရာကြီးဟာ ပြည့်တက်လာတာ(လျှံတက်လာတာ)လဲမရှိသလို မိုးခေါင်လို့လဲ ဘယ်တော့မှာ ယုတ်လျော့သွားတယ်မရှိဘူး။ ပြီးတော့ သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးနေရာမှာ ရတနာများစွာ တည်ရှိနေကြတယ်။ မြစ်ချောင်းများစွာက ရေရဲ့အရသာဟာ အမျိုးမျိုးရှိကြပေမယ့် သမုဒ္ဒရာရေကတော့ ငံတဲ့အရသာတစ်မျိုးသာ ရှိကြတယ်။ နောက်ဆုံးတစ်ခုက သမုဒ္ဒရာဟာ ယူဇနာရှစ်သောင်းလေးထောင် နက်ကျယ်လှတဲ့အတွက် အံ့သြလောက်အောင် ကြီးမားတဲ့ငါးများစတဲ့ ကြီးတဲ့သူများသာနေနိုင်ကြပါတယ်။ ဒီလို ရှစ်မျိုးသော အံ့သြဖွယ်ရာတွေနဲ့ ပြည့်စုံနေတာကို မြင်တွေ့ကြတဲ့အတွက် သမုဒ္ဒရာကြီးမှာ အသုရာများ မပျင်းမရိ ပျော်မွေ့ပြီး နေထိုင်နိုင်ကြပါတယ်။ ဒါဟာ ပဟာရာဒအသုရာ ပြောတဲ့ သမုဒ္ဒရာရဲ့ အံ့သြစရာကောင်းတဲ့အရာ ရှစ်မျိုးပါပဲ။ တဖန် ပဟာရာဒအသုရာက သာသနာတော်မှာ ရဟန်းတော်များ ပျော်မွေ့ကြပါရဲ့လားလို့ ဘုရားရှင်အားမေးတော့ ဘုရားရှင်က ပျော်မွေ့ကြပါတယ်ဆိုတဲ့အကြောင်း မိန့်တော်မူပါတယ်။ ပဟာရာဒက ဘာကြောင့် ပျော်မွေ့ကြတာလဲ လို့ မေးလျှာက်တဲ့အခါ သာသနာတော်ကြီးမှာ အံ့သြဖွယ်ရာရှစ်မျိုးရှိတယ်။ ထိုရှစ်မျိုးကို မြင်တွေ့နေကြလို့လဲ ရဟန်းတော်များဟာ သာသနာတော်မှာ ပျော်မွေ့နေနိုင်ကြတယ် ဆိုပြီး သာသနာတော်ရဲ့ အံ့သြစရာကောင်းတဲ့ အကြောင်းအရာရှစ်မျိုးကို မိန့်တော်မူပါတယ်။ ပထမအံ့သြဖွယ် သာသနာတော်မှာ အစဉ်အတိုင်း ကျင့်ရတယ်။ ကျော်(ခုန်ကျော်)ပြီး ကျင့်လို့မရဘူး။ ပါဠိစကားက အနုပုဗ္ဗသိက္ခာ လို့ခေါ်တယ်။ သာသနာမှာ သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ ဆိုပြီးအဆင့်ဆင့်ကျင့်သုံးရတယ် ။ သီလအကျင့်ဆိုတာ လူတွေကျင့်သုံးမဲ့သီလက ၅-၈-၁၀ ပါးသီလတွေဖြစ်တယ်။ ကိုရင် ကိုရင်တွေကို သတ်မှတ်ပေးထားတဲ့ သီလရှိတယ်။ ရဟန်းဆိုရင်လဲ ရဟန်းသီလရှိတယ်။ ဆိုလိုတာက လူအဖြစ်နဲ့ ကိုရင်သီလ-ရဟန်းသီလတို့ကို မကျင့်သုံးရပါဘူး လို့ ပြောချင်တာပါ။ ပြီးတော့ သီလမရှိဘဲနဲ့ သမာဓိ အကျင့်ကို မကျင့်နိုင်သလို သမာဓိမရှိဘဲနဲ့လဲ ပညာအကျင့်ကို မကျင့်နိုင်ပါဘူး။ ပညာဆိုတာ ၀ိပဿနာပညာကိုပြောတာပါ။ ၀ိသုဒ္ဓိအနေနဲ့ဆိုရင် သီလ၀ိသုဒ္ဓိကနေစလို့ ၀ိသုဒ္ဓိ ခုနှစ်ပါးအစဉ်အတိုင်း ဖြစ်ပြီး မဂ်ဖိုလ်ကို ရောက်ရမှာဖြစ်တယ်။ ချက်ခြင်းရုတ်တရက်ကြီး အရဟတ္တမဂ်ဖိုလ်ကို မျက်မှောက်ပြုတယ်ဆိုတာမရှိဘူး။ သောတာပန်၊ သကဒါဂါမ်၊အနာဂါမ်၊ ရဟန္တာအထိ အဆင့်ဆင့် အစဉ်အတိုင်းပဲ သွားရပါတယ်။ သီလယူပြီးအားထုတ်ခါစယောဂီများမှာ ရှုမှတ်ရမယ့်အာရုံပေါ်မှာ မှတ်စိတ်ဟာ တအားကြီးမမြဲနိုင်သေးပါဘူး။ ဒါဟာ မတည်ငြိမ်သေးလို့ဖြစ်တယ်။နောက်ပိုင်း ရှုမှတ်မှုအားကောင်းလာတဲ့အခါ အာရုံအပေါ်မှာ ရှုမှတ်တဲ့စိတ်မြဲလာပါတယ်။ စိတ်အပြင်ထွက်တာတွေလဲ နည်းပါးလာပါတယ်။ ဒါဟာ သမာဓိလေးတွေ ရလာတဲ့သဘောပါပဲ။ သမာဓိကလည်း အတော်ကလေး အားကောင်းလာတယ်ဆိုရင် သမာဓိကြောင့် ဟုတ်တိုင်းမှန်စွာသိလာရပါတယ်။ ဒါဟာ သီလကနေ သမာဓိ ပညာ အစဉ်အတိုင်း နက်ရှိုင်းနက်ရှိုင်းလာတာပါ။ နောက်ဆုံး အနက်ရှိုင်းဆုံးဖြစ်တဲ့ အရဟတ္တမဂ်ဖိုလ်ကို ရောက်သွားရမှာဖြစ်တယ်။ ဒုတိယအံဖွယ်သြဖွယ်။ ။ရဟန်းတော်များဟာ ဘုရားရှင်ပညတ်တော်မူထားတဲ့သိက္ခပုဒ်တွေကိုပဲ ကျင့်သုံးတော်မူကြတယ်။ မပညတ်တဲ့သိက္ခာပုဒ် တွေကို အဆန်းထွင်ပြီး ကျင့်လေ့မရှိပါဘူး။ သီလဆိုတဲ့ စည်းဘောင်ထဲမှာပဲကျင့်သုံးကြတယ်။ အသက်သေမယ်ဆိုတာတောင်မှာ အသက်ကို အဓိကမထား သီလကိုပဲ လုံခြုံအောင်ကျင့်သုံးကြတယ်။ သီလကို မြတ်နိုးတော်မူကြတယ်။ ဒီလိုပါပဲ ဘုရားရှင် မဟောတော်မူတဲ့အရာတွေကိုလဲ ဘုရားဟောတရားပဲ ဆိုပြီး အဆန်းထွင် ပြီး ဟောလေ့မရှိပါဘူး။ဘုရားရှင်ဟောတော်မူတဲ့တရားတော်များထဲကသာ ဟောတော်မူကြပါတယ်။ တတိယအံ့သြဖွယ်။ ။သာသနာတော်မှ သီလမရှိတဲ့ (ပါရာဇိကကျပြီးတဲ့)ရဟန်းများ လူထွက်ရပါတယ်။ လူမထွက်ပဲ ရဟန်းအသွင်ရှိနေတယ်ဆိုပေမယ့် အလိုလို လူဖြစ်သွားတော့တာပါပဲ။ သံဃာတော်များ အစည်းဝေးတိုင်ပင်တဲ့နေရာမှာ ရဟန်းတုရဟန်းယောင်(သို့) ပါရာဇကကျပြီးတဲ့ရဟန်းများ ရှိနေတယ်ဆိုတာ သိရင် ရဟန်းတော်များက အဝေးကို နှင်ထုတ်(ဆွဲထုတ်)လေ့ရှိကြတယ်။ ဆိုလိုတာကသာသနာတော်မှာ သီလရှိတဲ့ရဟန်းတော် များသာ နေနိုင်ကြတယ်၊ သီလမရှိတဲ့သူများ မပျော်ပိုက်နိုင်ကြဘူးလို့ ပြောချင်တာပါ။ စတုတ္ထအံ့သြဖွယ်။ ။အစကတော့သူဌေးသား၊ဆင်းရဲသား၊အရာရှိသား၊ ကုန်သည်သား၊ လယ်သမားသား စတဲ့အမည်အမျိုးမျိုး ရှိကြပေမယ့် သာသနာတော် တွင်း ၀င်ရောက်လာတဲ့သူများမှာတော့ “သာကီဝင်မင်းသားဘုရားသားတော် ရဟန်းတော်” ဆိုတဲ့ နာမည်တစ်မျိုးပဲ ရှိပါတယ်။ အခုရိပ်သာမှာ တရားအားထုတ်နေကြတဲ့သူများဟာ သူဌေးသား၊ဆင်းရဲသားစတာတွေကို မခေါ်ဘဲ။ “ယောဂီ” ဆိုတဲ့ အမည်တစ်မျိုးသာရှိကြပါတယ်။ ပဉ္စမအံ့သြဖွယ်။ ။သာသနာတော်အတွင်းမှာ နိဗ္ဗာန်စံဝင်တော်မူသွားကြတဲ့ အရိယာသူတော်ကောင်းများ မရေမတွက်နိုင်အောင်ပဲများပါစေ နိဗ္ဗာန်ဟာ ပြည့်လျှံသွားတယ်ဆိုတာမရှိသလို သာသနာပအချိန် နိဗ္ဗာန်စံဝင်ကြတဲ့သူများမရှိပေမယ့် နိဗ္ဗာန်ဟာ လျော့ကျသွားတယ်ဆိုတာ မရှိပါဘူး။ ဆဋ္ဌမအံ့သြဖွယ်။ ။သာသနာတော်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာများစွာရှိပါတယ်။ အဲဒါကတော့ ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာဆိုတဲ့ ရတနာများပဲ ဖြစ်ပါတယ်။ သတ္တမအံ့သြဖွယ်။ ။သာသနာတော်ကြီးမှာ ၀ိမုတ္တိရသဆိုတဲ့ ကိလေသာမှလွတ်မြောက်မှုအရသာတစ်ပါးပဲရှိပါတယ်။ အဋ္ဌမအံ့သြဖွယ်။ ။သာသနာတော်အတွင်းမှာ သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာပုဂ္ဂိုလ်များနဲ့ အရိယာဖြစ်အောင်ကျင့်နေကြတဲ့သူများသာ နေနိုင်ကြတယ်။ ဒါဟာ သာသနာတော်ရဲ့ အံ့သြဖွယ်ရှစ်မျိုးပါပဲ။ အခု တရားအားထုတ်နေကြတဲ့ ယောဂီများ….သက်ဝင်ယုံကြည်နေတဲ့ဗုဒ္ဓသာသနာတော်ကြီးဟာ သာမန်မဟုတ်ဘူး။ ဘုရားရှင်လက်ထက် ကတည်းကနေ အခုအချိန်အထိ မထေရ်များ အစဉ်အဆက် ထိန်းသိမ်းတော်မူလာခဲ့ကြတဲ့ ထေရ၀ါဒသာသနာတော်ကြီးဖြစ်တဲ့အပြင် အံ့ဖွယ်ရာရှစ်မျိုးရှိတယ်ဆိုပေမယ့် အပြောကျယ်တဲ့သမုဒ္ဒရာလို မရေမတွက်နိုင်တဲ့ အံ့ဖွယ်များစွာရှိနေတဲ့သာသနာတော်ကြီး ဖြစ်တယ်။ ယောဂီများအတွက် လိုအပ်တဲ့အောင်မြင်မှုများစွာကိုလည်း ပေးနိုင်သလို နောက်ဆုံး ၀ိမုတ္တိရသဆိုတဲ့ လွတ်မြောက်မှုကိုလည်း ပေးစွမ်းနိုင်တယ်။ ဒါကြောင့် ဆန်ရေ ကို ကူးခတ်သူတိုင်း ပင်ပမ်းကြတယ်ဆိုပေမယ့် ပန်းတိုင်ရောက်ချင်ရင် မလျှော့တဲ့ဇွဲနဲ့ ကြိုးစားကူးခတ်ရမှာဖြစ်သလို ယောဂီများလဲ ဆန်ရေကို ကူးခတ်နေတာနဲ့တူပါတယ်။ မလျှော့တဲ့ဇွဲနဲ့ ကြိုးစားအားထုတ်မှသာ နိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုရမှာပါ။ တစ်ချက်ရှုမှတ်နိုင်ရင် နိဗ္ဗာန်နဲ့တစ်ချက်နီးသွားတယ်။ ဆယ်ချက်မှတ်ရန် ဆယ်ချက်နီးတယ်။ အချက်တစ်ရာမှတ်ရင်အချက်တစ်ရာနည်းတယ်။ နောက်ဆုံးမှာတော့ ရှုမှတ်စရာနဲ့အာရုံရော ချုပ်ဆုံးတဲ့နေရာကိုရောက်သွားမှာပါ။ ဒီအတွက် ထိုက်တန်တဲ့ပေးဆပ်မှုရှိဖို့တော့လိုအပ်ပါတယ် —စုံရေ ဆန်ရေ ဆိုပြီး လောကစကားတစ်ခု ရှိပါတယ်။ ရေစီးအတိုင်း အောက်ကို အလိုက်သင့်လိုက်ပါလာတာကို ရေစုံမျောလာတယ်လို့ ပြောကြပြီး အောက်ကနေ အထက် ရေကို ဆန်ပြီး တက်လာတာကို ရေဆန် တက်လာတယ် လို့ ပြောကြပါတယ်။ ရေကူးသမားဟာ ရေစုံမျောပြီး လိုက်သွားရင် သက်တောင့်သက်သာ လိုက်ပါသွားနိုင်ပေမယ့် ရေဆန်ကူးရတဲ့သူတွေဆိုရင် ၀ိရိယတွေ များစွာ ထုတ်သုံးပြီး ကူးခတ်ရတဲ့အတွက် ပင်ပမ်းစွာနဲ့လိုရာရောက်အောင် ကူးခတ်ကြရပါတယ်။ ရေဆန်ကူးတဲ့အခါ ရှိသမျှအင်အားတွေ ထုတ်သုံးရပါတယ်။
