မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 27 April 2013

- အောင်မြင်သည်ဆိုရာဝယ်


- လောကမှာအောင်မြင်ခြင်းတွေရှိကြတယ်။ လောကီအောင်မြင်ခြင်း၊ အထူးသဖြင့် အရှေ့တိုင်းကတော့ လောကုတ္တရာ အောင်မြင်ခြင်းပေါ့။
လောကီအောင်မြင်ခြင်းဟာလည်း အောင်မြင်ခြင်းပါပဲ။
ဒါပေမယ့် လောကီအောင်မြင်ခြင်းက လောကုတ္တရာအောင် မြင်ခြင်းနဲ့ နှိုင်းယှဉ်တဲ့ အခါကျတော့ အစိတ်အပိုင်း အောင်မြင်ခြင်းမျှလောက်ပဲ ဖြစ်သွားတယ်။

ဒါက လောကုတ္တရာအောင်မြင်ခြင်းနဲ့ပတ်သက်လို့ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များမှသိတယ်။ ဒါကြောင့် ဒီသတင်းကိုပေးပါတယ် — လောကီမှာလည်း အောင်မြင်ခြင်းဆိုတာ ရှိပါတယ်။
ဒါပေမယ့် အဲဒီအောင်မြင်ခြင်းဟာ အစိတ်အပိုင်း အောင်မြင်ခြင်းပဲလို့ သုံးသပ်နိုင်ပါတယ်။ လောကုတ္တရာ အောင်မြင်ခြင်းကမှ တကယ့်အောင်မြင်ခြင်းပါ။


ပွင့်ပွင့်လင်းလင်းပြောရရင် နိဗ္ဗာန်ကိုတွေ့မြင်ရတဲ့ အောင်မြင်ခြင်းမျိုးမှ တကယ့်အောင်မြင်ခြင်းပါ။ နိဗ္ဗာန်ကိုလည်း ဗုဒ္ဓဘာသာများ တွေ့နိုင်ပါတယ်။
တွေ့တဲ့ပုဂ္ဂိုလ်များလည်း ရှိနေတာပဲ။

နိဗ္ဗာန်တွေ့တဲ့အခါ ဘာဖြစ်လည်းဆိုရင် မြတ်စွာဘုရားကို ပိုကြည်ညိုတယ်၊ တရားတော်ကို အံ့သြရတယ်၊
တရားချီးမြှင့်တဲ့ သူတော်ကောင်းတွေ၊ ဆရာကောင်း သမားကောင်းတွေကို ပိုမိုပြီးတော့ တန်ဖိုးထား ကြည်ညိုလေးစား ရိုသေမြတ်နိုးလာတယ်။ ဒါဟာ သတင်းမှန် တစ်ခုပါပဲ။

တကယ်လို့ ”ဗုဒ္ဓဘာသာကျင့်တယ်၊ တရားရတယ်လို့ ကိုယ့်ကိုယ်ကိုထင်တယ် ပြောပြီးတဲ့နောက် ဘုရားကိုတော့ သိပ်ကြည်ညိုစရာ မလိုတော့ပါဘူး တရားရပြီပဲ” ဆိုရင် အဲဒီ လေသံဟာ မှားနေပါတယ်။

အဲဒါဟာ တစ်စုံတစ်ခုမှားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံယူချက်ပါ။ အံချော်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံယူချက်ပါ။
တကယ်နိဗ္ဗာန်ကို တွေ့တဲ့ပုဂ္ဂိုလ် တရားရတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားကို အရမ်းကြည်ညိုတဲ့အပြင် အံ့သြခြင်းတွေကိုလည်း ခံစားရပါတယ်။

- လောကီအောင်မြင်တာက အံ့သြတယ်ဆိုတာ နည်းနည်းလောက်ပါ။ လောကုတ္တရာ အောင်မြင်တယ်ဆိုရင် အံ့သြခြင်းက အရမ်းများပါတယ်။
ဒါက လောကုတ္တရာကို လေ့လာတဲ့ပုဂ္ဂိုလ်တွေမှ သိတာမို့ ဒီသတင်းကို ပရိသတ်ကိုပေးပါတယ်။ လောကုတ္တရာ အောင်မြင်ခြင်းဟာ အားလုံးသော အောင်မြင်ခြင်းတို့ထက် အောင်မြင်ခြင်းဖြစ်ပြီးတော့ အင်မတန် အံ့သြစေပါတယ်လို့ ပြောလိုပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်တွေကိုလည်း အရမ်းကို ပူဇော်ကြည်ညိုလာတယ်။ ဆရာကောင်းဆရာမြတ် သူတော်ကောင်းတွေကိုလည်း အရမ်းကြည်ညိုလာတယ်။
နောက် တရားတော်မြတ်ကိုလည်း အရမ်းအံ့သြပြီးတဲ့နောက် မိမိဟာ ချမ်းသာခြင်း၊ လွတ်မြောက်ခြင်း၊ ပိုင်နိုင်ခြင်းတွေကိုရပါတယ်။


ဒီတော့ လောကီအောင်မြင်ခြင်းကိုတော့ တန်ဖိုးမထား မရှိပါဘူး။ သို့သော် လောကုတ္တရာအောင်မြင်ခြင်းဟာ လောကီအောင်မြင်ခြင်းနဲ့ မနှိုင်းယှဉ်သာလောက်အောင် ထူးကဲတယ်၊ မြင့်မြတ်တယ်၊ အဆင့်မြင့်တယ်၊ အပြီးအပိုင် အောင်မြင်တယ်ဆိုတာလေးကို ပြောပြချင်ပါတယ်။

အထူးသဖြင့် ဗုဒ္ဓဘာသာ သူတော်ကောင်းတွေဟာ လောကုတ္တရာ အောင်မြင်ခြင်းကို ရဖို့အတွက် မျှော်မှန်းကြမှာပါ။
မျှော်လည်းမှန်းကြပါ၊ ကြိုးစားကြပါ၊ အားပေးလိုပါတယ်။ သာသနာအတွင်းမှာ မအောင်မြင်စရာ ဘာမှလည်း မရှိပါဘူး။

မိမိလည်း တရားရဲ့အောင်မြင်ခြင်းလေးတွေကို ပြောပြနေရတာက တကယ်တော့ အားပေးချင်လွန်းလို့ပါ။ ကြွားချင်ဝါချင်တဲ့သဘော မဟုတ်ဘူး။
သို့သော်လည်း အောင်မြင်တဲ့ ပုဂ္ဂိုလ်ရှိထားမှ နောက်ကလိုက်ပြီးတော့ အောင်မြင်မယ့်ပုဂ္ဂိုလ်တွေကလည်း ကြိုးစားချင်ကြမှာပဲလို့လည်း နားလည်ပြီး အားပေးနေခြင်း ဖြစ်ပါတယ်။
လောကုတ္တရာ အောင်မြင်ခြင်းဟာ တကယ့်အထွတ်အထိပ်ပါ။ လောကုတ္တရာ အောင်မြင်ခြင်းဟာ အစမ်းအသပ်၊ အစစ်အဆေး ခံနိုင်ပါတယ်။
လောကုတ္တရာအောင်မြင်ခြင်းဟာ အမှန်အကန်အောင်မြင်တဲ့ အောင်မြင်ခြင်းပဲ၊ ပြီးပြည့်စုံတဲ့ အောင်မြင်ခြင်းပဲ၊
တရားတော်ကို အံ့သြဖွယ်ရာကောင်းစွာ ခံစားရကြောင်းကို မှတ်တမ်းပြုပြီး သတင်းမှန်ပေးလိုပါတယ်။ ဤမျှသာပါပဲ။

ဗုဒ္ဓစာပေဆုရ -ဒေါက်တာချစ်ငယ် (ဒဿန)