မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 10 April 2013

နှစ်ဦး မင်္ဂလာ အတာသင်္ကြန် ရှောင်ကြဉ်ရန်



တန်ခူးလဆန်း ၃ ရက် ဧပြီ ၁၃ ရက် အတာဦး နှစ်ဦး ချိန်ခါ မင်္ဂလာသမယ သင်္ကြန် အကြိုနေ့မှ စ၍ မြန်မာ့ရိုးရာ ရေသဘင်ပွဲ ဆင်ယင် နွှဲကြပေမည်။

စိတြနက္ခတ်နှင့် မိဿရာသီ အခါညီ၍ မြန်မာလ ၁၂ လတွင် အစဦးဆုံး (ပထမ)လ ဖြစ်သည့် တန်ခူးလတွင် ''နှစ်သစ်ကူး''ပွဲ  ဆင်ယင် နွှဲကြသည်။  စုံနံ့သာမြိုင်ဦးကြော့က ''လမ်းတစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘူး၊ ပန်းပိတောက်မင်း..'' ဟူ၍ဖွဲ့ဆို ခဲ့သလို ''အတာရေနှင့် ပိတောက်ဝါ'' သည် ပဏာတင့် ကြပေ၏။ အတာရေ သဘင် ဆင်ယင်ရာ နှစ်ဦးမင်္ဂလာ ကာလတွင် မြန်မာ့ရိုးရာ ဓလေ့မှာ ကောင်းမှုကုသိုလ်များဖြင့် အလှူဒါန ပြုကြသည်။ မိဘ၊ ဆရာသမားများ၊ သက်ကြီးရွယ်အို များကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သည်း လှီးဖြတ် ပေးခြင်း၊ အမွှေးနံ့သာဖြင့် ကန်တော့ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်၊ စေတီတော်များကို ရေဖြင့် သပ္ပာယ် ပူဇော်ကြခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ကျွဲ၊ နွားများ၊ ငါးများ ဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ အလှူပြုခြင်းနှင့် မင်္ဂလာရှိသော ကောင်းမှုများ ပြုကြသည်။ လူငယ်ဘဝ ပျော်ရွှင်စရာ ချစ်ခင် ကျီစယ်မှုဖြင့် ရေကစား ကြရာတွင် အပြောအဆိုမှ အစ ယဉ်ကျေး သိမ်မွေ့စွာ မောင်နှင့်နှမ အသွင် ဆက်ဆံကြသည်။ ရေစို၍ အနေမခက်၊ ပျိုမေတို့ အရှက်မရစေအောင် သပြေခက်နှင့် အမွှေးနံ့သာရေ ပက်ဖျန်း ရေကစား ကြသည်။ မြန်မာတို့သည် ယဉ်ကျေးမှု ထွန်းကားသော လူမျိုး၊ အဆင့်အတန်း ရှိသော လူမျိုးဖြစ် လေရာ အလွန်မင်္ဂလာရှိပြီး ယဉ်ကျေးမှု ရှိသော သင်္ကြန်ပွဲတော်ကို ''ကောင်းမြတ်သော ဒါန သီလ ဘာဝနာကုသိုလ် အဖြာဖြာ မင်္ဂလာ အပေါင်းနဲ့ ကျင်းပနိုင်ခဲ့ ကြသည်။


ယနေ့လူငယ် မောင်မယ်များသည် ယဉ်ကျေးမှုနှင့် ဆန့်ကျင်၍ သရုပ်ပျက်၊ ဓလေ့ပျက် အသွင်များကြောင့် အတာ သင်္ကြန်မှာ ဆင်ခြင်စရာ တင်ပြလိုသည်။

ရေပက် ကစားရာတွင်  မောင်နှင့်နှမ အသွင် မဆောင်၊ အရှက်ဣနြေ္ဒမထိန်း ထိခိုက်အောင် ရေကစား ကြသည်။ ဝတ်စား ဆင်ယင်ရာတွင်လည်း ယဉ်ကျေးမှုနှင့် ဆန့်ကျင် လော်လီ ဖောက်ပြန်ကြသည်။ အပြောအဆို များမှာလည်း တစ်ဦးနဲ့တစ်ဦး နောက်ပြောင် ကျီစယ်သည်ထက် ပို၍ ရင့်သီး ကြမ်းတမ်းသော စကားများ သုံးစွဲလာကြသည်။ ပို၍ဆိုးဝါးသော အချက်မှာ ကျောင်းသား လူငယ် အရွယ်လေးမှာပင် အရက်သေစာများ သောက်စား မူးယစ်ပြီး ရေကစားကြခြင်း ဖြစ်သည်။

နေပူပူ ရေရွှဲရွှဲ၊ အရက်အမူး လွန်ပြီး ဒုက္ခ ရောက်ကြသူတွေ၊ အရက် အလွန်အကျွံ သောက်စားပြီး ယာဉ်မောင်းနှင် ကြ၍ ဒုက္ခ ရောက်သူတွေ၊ အချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ကြရတာတွေ သင်္ကြန်မှာ မမြင်ချင် မတွေ့ချင် အဆုံး ဖြစ်ရသည်။  အတာနှစ်ဦး မင်္ဂလာ အချိန်မှာ အရက်သောက်စားပြီး ကြမ်းတမ်းမှုဖြင့် ဒုစရိုက်မှုများ၊ ရိုင်းစိုင်းမှု များနှင့် မပြုသင့်  အထူး ဆင်ခြင် သင့်လှသည်။ မိမိတို့ သားသမီးများကို တားမြစ် ဆုံးမမှု နည်းပါးသော မိဘများရဲ့ အားနည်းချက်များလည်း ပါဝင်သည်။ ဈေးကွက် စီးပွားရေးဟု ဆိုရစေငြား ယခုလို တစ်နှစ်မှာ အလွန် ကြုံရခဲတဲ့ မင်္ဂလာ အချိန်မှာ (အရက်) ရောင်းချ ခြင်းကို မေတ္တာရပ်ခံ ပိတ်ပင် ထားသင့်သည်။ အရက်ကို တားဆီးခြင်းသည် ''အမှားများစွာ'' ကိုမဖြစ်ရန် တားဆီး ခြင်းနှင့် ညီမျှသည်မို့ စဉ်းစား သုံးသပ်ဖို့ လိုသည်။

ရိုးရာ သင်္ကြန် ယဉ်ကျေးမှုကို ဗဟိုမဏ္ဍပ်မှာပင် ဆို၊ က၊ သံချပ်ထိုး၊ ရေကစားရုံနှင့် အပေါ်ယံ ထိန်းသိမ်း မှုဖြင့် မလုံလောက် နိုင်ပါ။ သင်္ကြန်တွင်းမှာ ဥပဒေအရ အရေးယူစရာ ရှိရင်လည်း ထိထိရောက်ရောက် နောင်မှတ်သား သတိထား လောက်အောင် အရေးယူမှုများ ပြုပြီး မိဘ၊ ဆရာများ ကလည်း သား၊ သမီး၊ တပည့်များကို ဆောင်ရန်၊ ရှောင်ရန်၊ ဆင်ခြင်ရန်၊ ဆုံးမ ပဲ့ပြင်မှုများဖြင့် အလေးထား သင့်သည်။

ခေတ်ကာလပဲလေဟု ခေတ်ကို ပုံချပြီး ဥပေက္ခာ ပြုမလိုက်လျော သင့်ပါ။ ခေတ်ကာလသည် လူအပေါ်မှာသာ ကောင်းဆိုး နှစ်ဖြာ တည်နေခြင်း ဖြစ်သည်။ အသိဥာဏ်မကြွယ်၊ အတွေ့အကြုံ နုနယ်သော လူငယ်များကို အသိဥာဏ်ရင့် အတွေ့အကြုံ ရှိသော မိဘ၊ ဦးကြီး၊  လူကြီးများက ဆုံးမပဲ့ပြင် သတိပေး လမ်းညွှန် ကြရမှာ တာဝန် ဖြစ်သည်။

မြန်မာတို့၏ မြန်မာ့ရိုးရာ မင်္ဂလာပွဲတော်ကို ယဉ်ကျေးမှု ဖုံးလွှမ်း၍  ကောင်းမှု ကုသိုလ် အဖြာဖြာနှင့် သာသာယာယာ စည်စည်ကားကား ပျော်ရွှင်စရာများ နှင့်သာ ထိန်းသိမ်း တည်ဆောက် ကြရမှာ မြန်မာ လူမျိုးတို့ တာဝန် ဖြစ်သည်။ မြန်မာ့ သင်္ကြန်ပွဲကို ''အရက်သင်္ကြန်'' ''ဒုစရိုက် သင်္ကြန်'' အဖြစ် အကျည်းတန် အရုပ်ဆိုး၊ ဂုဏ်ညှိုးနွမ်းမှု မဖြစ်အောင် ''မြန်မာ'' လူမျိုးတို့၏ တာဝန် ဖြစ်သည်။

အစဉ်အလာ ယဉ်ကျေးမှု ဒို့ခေတ်ကျမှ မယဉ်ကျေးမှု မဖြစ်စေရန် ဆင်ခြင် စောင့်ထိန်း သင့်ပါကြောင်း တင်ပြ အပ်ပါသည်။  ။