တစ်ဆောင်းပြောင်း၍ တစ်နွေသစ် ခဲ့ပြီမို့ ငွေနှင်းစက်တို့ ကွယ်ပျောက်ကာ နွေလေရူးများ အစားထိုး ဝင်ရောက် လာခဲ့ကြသည်။
ကံ့ကော်ဖူး၍ လေရူးဆော်သည့် ဂိမှာန်နွေ သရုပ်ကို ဖော်ညွှန်းသော ရော်ရွက်ဝါ ကြွေတို့ နေရာသို့ ထွက်သစ်စ ဖူးပွင့် ကလေးများ ဝေကြ လေပြီ။ ဤလ ဤရာသီဝယ် မြန်မာ့ရိုးရာ ပွဲတော်ဖြစ်သည့် သင်္ကြန်ပွဲတော် နွှဲပျော်ကြဖို့ အသင့်ဖြစ် နေကြလေပြီ။ သင်္ကြန်သည် ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည့် ပါဠိ ဝေါဟာရ သင်္ကန္တမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သင်္ကြန် ပွဲတော်သည် အေးမြ ဆန်းသစ်ခြင်းတို့နှင့် အတူ ကုသိုလ် ရနံ့နှင့် ပိတောက်ရနံ့တို့ သင်းပျံ့သော မြန်မာ့ရိုးရာ ရေသဘင် ပွဲတော်ဖြစ်သည်။ မြန်မာ ပြက္ခဒိန် ၁၂ လရာသီတွင် တန်ခူးလသည် နေ့တာ အရှည်ဆုံးနှင့် နွေအပူ ရှိန် ပြင်းသောလ ဖြစ်သည်။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး အေးချမ်း ကြပါစေ ဟူသော သဘော ဖြင့် ရေလောင်းသည့် အလေ့အထမှ သင်္ကြန်ဟူ၍ ပွဲတော်တစ်ခု အဖြစ် ပုဂံခေတ်မှ စတင်ကာ ခေတ်အဆက်ဆက် ယနေ့ကာလ တိုင်အောင် နှစ်စဉ် နှစ်တိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပနေကြခြင်း ဖြစ်သည်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်တွင် တစ်ဦးကို တစ်ဦး သီတာရေဖြင့် လောင်းခြင်း၊ နံ့သာရေကို သပြေခက်နှင့် ပက်ဖျန်းခြင်း တို့ဖြင့် နှစ်ဟောင်းမှ ဘေးဥပဒ် အန္တရာယ်များ၊ စိတ်ဆိုး စိတ်ညစ်များ ပပျောက် ကင်းစင်ကာ မေတ္တာဖြင့် ဖြူစင်သန့်ရှင်းခြင်းသို့ ရောက်စေရန် ရည်ရွယ် ချက်ဖြင့် ရေပက်ကစား ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မိဿရာသီ တန်ခူးလ ဘွဲ့တွင် ''မေတ္တာမပျက်၊ လွန်းကြင်ငှက်သို့၊ သံမြွက်မွှေးကြိုင်၊ ဂူရွှေလှိုင်တွင်၊ တူပြိုင်ဆုတောင်း၊ ညောင်ရေ လောင်းသည်၊ မွှေးပေါင်း နံ့သာရည်နှင့် လေ''ဟူ၍ ရှေးစာဆို တစ်ဦးက ဖွဲ့ဆိုခဲ့ ကြသည်။
ရှေးခေတ် သင်္ကြန်ကာလတွင် မြစ်ကမ်းနား၌ ယာယီ တဲများထိုးကာ နန်းတွင်းသူ၊ နန်းတွင်း သားတို့ ပျော်ရွှင်စွာ ရေကစားကြသည်ကို ဘုရင်နှင့် မိဖုရား တို့က ညောင်စောင်း ပလ္လင်ထက်မှ ကြည့်ရှု အားပေးကြသည်ဟု မှတ်သား ရဖူးသည်။ ယနေ့ခေတ် မြို့ပြသင်္ကြန် ကျင်းပရာတွင် ဝန်ကြီးဌာန အလိုက်၊ အသင်းအဖွဲ့ အလိုက်၊ ရပ်ကွက် အလိုက် ရေကစား မဏ္ဍပ်များ ဆောက်လုပ်ကာ ရေပက်ကစားကြရာ အနုပညာရှင် များကပါ မြူးမြူးကြွကြွ တေးသံ များဖြင့် ဖျော်ဖြေတင် ဆက်ကြသည်မှာ မြန်မာ့ရိုးရာ သင်္ကြန်အလှ ပိုစေခဲ့ သည်ဟု ခံစားမိသည်။ ရေကစား မဏ္ဍပ်များသို့ လှည့်လည် အားပေး ကြည့်ရှုရင်း ပါဝင် ရေကစား ကြသူများတွင် နိုင်ငံခြားမှ သံတမန်များနှင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များလည်း ပါဝင်ကြောင်း တွေ့ရ သည်မှာ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာကို ကမ္ဘာက သိစေနိုင်သော အကြောင်းတစ်ရပ်ပင် ဖြစ်သဖြင့် ယဉ်ကျေးသော သင်္ကြန်၊ ပျော်ရွှင်ဖွယ် သင်္ကြန်၏ သရုပ်ပီပြင် ဖို့တော့ အထူးသတိရှိ ကြဖို့ လိုသည်။
ယခုနှစ် သင်္ကြန်သည် ယခင်နှစ် များကထက် ပို၍ ထူးခြားသော ဖျော်ဖြေ တင်ဆက်မှုများတွင် သင်္ကြန် သံချပ်အဖွဲ့တို့ ပါဝင်ကြမည် ဖြစ်ရာ ပို၍ စည်ကားသော သင်္ကြန် ဖြစ်မည်မှာ မလွဲပါ။ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် စိတ်မရှည် ဖြစ်မှုများ၊ အပျော်လွန် အစသန်ခြင်း တို့ကြောင့် အချင်းများမှု များလည်း တွေ့ရမည်ဖြစ်ရာ တာဝန်ရှိသူတို့ အထူး ကြပ်မတ်ကြပါမှ တော်ကာကျ မည်ဖြစ်သည်။ ရေကစား ကြရာတွင် '' သင်္ကြန်တွင်းမို့ ရေပက် တာဘာဖြစ်လဲ... ဘာဖြစ်လဲ'' ဆိုသော်လည်း လောင်းတာ ပက်တာ မောင်ရင်း နှမပမာ ကြည်လင်စွာ ပက်ကြမှသာ ယဉ်ကျေးသော သင်္ကြန်၊ ပျော်ရွှင် ဖွယ် သင်္ကြန်၏ သရုပ်ပီပြင်မည် ဖြစ်သည်။ မိန်းကလေးများ ရေကစား မဏ္ဍပ်သို့ လာသည်ဖြစ်စေ၊ ရေပက်ခံမော် တော်ကားဖြင့် သို့မဟုတ် ခြေလျင်လျှောက်၍ ဖြစ်စေ လာကြစဉ်ကပင် ရေစိုမည်ကို သိပြီး ဖြစ်သည်မို့ ညိုမြတော့ အခေါ်မခံ လိုကြသူတွေသာ ဖြစ်သည်။ သို့သော် ဣနြေ္ဒ ပျက်လောင်အောင် အကျီစား သန်ရန်ဖြစ်ရ တတ်သည်ကို မမေ့မလျော့ကြဖို့ လိုပေလိမ့်မည်။
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆန်း ၃ ရက်(ဧပြီ ၁၃) သည် မဟာသင်္ကြန် အကြိုနေ့ ဖြစ်ပြီး တန်ခူးလဆန်း ၆ ရက် (ဧပြီ ၁၆ )သည် မဟာသင်္ကြန် အတက်နေ့ ဖြစ်သည်။ သင်္ကြန်ကာလ အတွင်း ရေကစား သူတွေ ကစားကြသလို ကောင်းမှု ကုသိုလ် ပြုသူတွေ ကလည်း များပြားသည်။ စတုဒိသာ လေးမျက်နှာမှ ရောက်လာသူတို့ကို အယုတ်အလတ် အမြတ်မရွေး ကျွေးမွေး ဧည့်ခံကြသည့် မြန်မာတို့၏ အစဉ်အလာ စေတနာမှာ သာဓုခေါ်စရာ ကောင်းလှသည်။ သက်ကြီး ရွယ်အိုများအား ဂါရဝတရားဖြင့် ခေါင်းလျှော်၊ ရေချိုး ပေးကြပြီး ခြေသည်း၊ လက်သည်းများ လှီးဖြတ် ပေးကြ သည်မှာလည်း မြန်မာတို့၏ အစဉ်အလာ မင်္ဂလာ တစ်ပါးပင် ဖြစ်သည်။ အချို့က ရခဲသော လူ့ဘဝတွင် ပို၍ရခဲသော ဒုလ္လဘ ရဟန်းဝတ်၍ ကုသိုလ်ယူ ကြသည်မှာ လည်း မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၏ မြင့်မြတ်သော တန်ဖိုးဟု ဆိုနိုင်သည်။ ဤအကြောင်းများကို ဆရာဇော်ဂျီက ရေးဖွဲ့သည်မှာ ''နှစ်သစ်ကူးတဲ့ တန်ခူး လမှာ၊ ဒါနက တဝေဝေ၊ ရေတွေက တရွှဲရွှဲ၊ ပျော်ပွဲက တဝင့်ဝင့်၊ ကဲလို့သာ ဆင့်ရော့၊ အရွယ်သင့် အရွယ်ငယ်၊ မြန်မာတွေ ထည်လိုက်ကြ'' ဟု ရေးဖွဲ့ခဲ့သည်။ ထို့အပြင် မြတ်နိုးဖွယ်ရာ အစဉ်အလာ တစ်ရပ်မှာ သတ္တဝါတို့အား ဘေးမဲ့ လွှတ်ပေးသော ဇီဝိတဒါနပွဲ များကို နှစ်ဆန်း တစ်ရက်နေ့တွင် တွေ့ရသည်မှာ မြန်မာပြည်သူ တို့၏ မေတ္တာနှင့် ကရုဏာ တရားတို့ကို ပို၍ ပေါ်လွင်သည်။ ထို့ကြောင့် ''ဝဋ်မကင်း သူကိုဖြင့်၊ လွှတ်ခြင်းမှာ ဝါသနာပါတဲ့၊ ရွှေမြန်မာသည် လူမျိုး''ဟု ဆရာ ဇော်ဂျီက ဂုဏ်ပြု ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်သည် ''ဒါနက တဝေဝေ၊ ရေတွေက တရွှဲရွှဲ၊ ပျော်ပွဲက တဝင့်ဝင့်၊ ကဲလို့သာ ဆင့်ရော'' ဆိုသလို တစ်နှစ်ထက် တစ်နှစ် ပို၍ပို၍ စည်ကား လာခဲ့ပါပြီ။ တစ်နှစ်ထက် တစ်နှစ် ပြဿနာတွေ ပို၍မများရ အောင်လည်း သက်ဆိုင်ရာ တာဝန်ရှိ သူတို့က ကြိုတင် စီစဉ်ဆောင်ရွက် ထားပြီးဖြစ်သည်။
ရွှေမြန်မာသည် လူမျိုးတို့၏ ဂုဏ်သိက္ခာ မညှိုးနွမ်း စေဖို့ ဝိုင်းဝန်း ထိန်းသိမ်း ကြရမည် ဖြစ်ပါသည်။
