ဥယျာဉ်မှူး ဆိုသည် သစ်ပင်ပန်းမန် တို့ကို စိုက်ပျိုးသော အခါ မျိုးစေ့မှ အခက်အလက် ဝေဆာသည့် အပင်ဖြစ်အောင် စိုက်ပျိုးစဉ် ရေလောင်းခြင်း၊ မြေတောင်မြှောက်ခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း စသည်တို့ကို နေ့ရက်များစွာ အပင်ပန်းခံ ပြုစု ပျိုးထောင်ကြသည်။
တစ်ခါ တစ်ရံတွင် ဥယျာဉ်မှူးသည် မိမိ စိုက်ပျိုးခဲ့သော အပင်များမှ အခက်အလက် တို့ကို ခုတ်ဖြတ်ခြင်း၊ လိုအပ်လျှင် တစ်ပင်လုံး ခုတ်ဖြတ် ရှင်းလင်းခြင်းများ ပြုရပြန်သည်။
ထိုသို့ ခုတ်ထွင်ရှင်းလင်း ရသည်မှာ သစ်ပင်တို့သည် တစ်ပင်နှင့် တစ်ပင် ပူးကပ်ကျပ်ညပ် နေသော်၊ အခက်အလက် ဝေဆာ များပြားလာသော် အသီးအပွင့်တို့ မဖွံ့ဖြိုးနိုင် ဖြစ် တတ်ခြင်း၊ အခက်အလက် တို့၏ ဝန်အလေးကြောင့် တစ်ပင်လုံး ပြိုလဲသွားမည့် အခြေအနေ ရှိခြင်း တို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် သစ်ပင် ပန်းမန်တို့ အကြောင်း ကျွမ်းကျင် တတ်သိသော ဥယျာဉ်မှူး တို့သည် မိမိ စိုက်ပျိုးထားသော အပင်တို့မှ အကိုင်းအခက် တို့ကို ဖြတ်တန်ရာဖြတ်၊ လှဲတန်ရာလှဲ၊ ဖယ်တန်ရာ ဖယ်ကြရသည်။
အလားတူ ဆေးသမားတို့ ဆေးကုရာ တွင်လည်း အနာရောဂါ စွဲကပ်သူ တို့အား ခါးသက် သောဆေး၊ အနံ့ အရသာ အားဖြင့် နှစ်လိုဖွယ် မရှိသောဆေး စသည့် ခံတွင်း မတွေ့နိုင်သော ဆေးတို့ဖြင့် ကုသကြသည်။ ထိုဆေးဝါးကို စားသော်လည်း အနာရောဂါ မပျောက်ကင်း မသက်သာသော သူတို့အား အသားကို ခွဲစိတ်ဖြတ်တောက် ကုသ ကြရသည်။ အနာရောဂါ ပျောက်ကင်း စေရန်နှင့် ကူးစက်တတ်သော ရောဂါတို့ မကူးစက် မပျံ့နှံ့ စေရန်ဖြစ်သည်။
ထိုသို့ ကောင်းကျိုး ရစေခြင်းငှာ ခုတ်ဖြတ် ပယ်ပစ်ရခြင်း၊ လှီးဖြတ် သုတ်သင်ရခြင်း တို့သည် ဥယျာဉ် စိုက်ပျိုးမှုနှင့် ဆေးကုသမှု တို့တွင်သာ ပြုရသည် မဟုတ်ဘဲ လူမှုကိစ္စ တို့တွင်လည်း ခုတ်ဖြတ် ပယ်လှီးရသည့် နည်းတူ ပြုရသော အချက်များ ရှိပါသည်။ တစ်ခါတစ်ရံ မိမိကိုယ် မိမိပင် ဥယျာဉ်မှူး ပြု၍ ခုတ်ဖြတ်သုတ်သင် ရှင်းလင်းရန် လိုသည်။ မရှင်းမလင်း မသုတ်သင် ပါက နောက်ဆုံးတွင် ဝန်ပိကာ ပြိုလဲပျက်စီး တတ်သည်။ စွဲကပ်နေသော ရောဂါကို ဆေးမကုဘဲ နေပါက ဘဝပါ ဆုံးရှုံးရမည် ဖြစ်ကြောင်း သတိ ရှိကြရန် လိုအပ်ပေသည်။
လူ့ဘဝ လူလောက အရှုပ်အထွေးများ ကြားတွင် လောဘ၊ ဒေါသနှင့် မောဟတို့ကြောင့် တစ်ခါတစ်ရံ မကောင်းသော အကြံဉာဏ်တို့ ဝင်စား မိတတ်သည်။ စိတ်တွင်းတွင် ဖြစ်ပေါ် လာသည့် မကောင်းသော အကြံ၊ မကောင်းသော ဉာဏ်တို့ကို ဖိစီး နှိပ်ကွပ်ကာ အပြင်သို့ မထွက်အောင် ပိတ်ပင်တားမြစ် ချုပ်တည်း နိုင်ခြင်းသည် သူတော်ကောင်း ပညာရှိတို့ အလုပ် ဖြစ်သည်။ ပကတိ စိတ်တွင်းတွင် သန့်ရှင်းဖြူစင် ကြည်လင်ခြင်း ရှိသူကို သူတော်ကောင်းဟု သတ်မှတ်ကြ သကဲ့သို့ မကောင်းစိတ် ဖြစ်ပေါ်တတ်သော သဘာဝကို ချုပ်တည်းနိုင်သူ တို့ကိုလည်း သူတော်ကောင်း ပညာရှိ အဖြစ် ခေါ်ဝေါ်ထိုက်သည်။
သို့ဖြစ်ရာ ပညာရှိ အမျက် အပြင်မထွက် ဆိုသကဲ့သို့ လူ့ဘဝတွင် ဖြစ်ပေါ်တတ်သည့် မကောင်းသော အကြံအစည် စိတ်ကူးတို့ကို မရှောင်ရှား နိုင်သော်မှ ကာယကံမြောက် မပြုမိ စေရန် ချုပ်တည်း တားမြစ်ခြင်း သာလျှင် ကောင်းမြတ်ကြောင်း နှလုံးသွင်းရမည် ဖြစ်ပေသည်။