နေပြည်တော် ဧပြီ ၎
မတ် ၃ဝ ရက်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (Myanmar Peace Center)၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် သဟဇာတ ဖြစ်ရေး အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဘာသာ ပေါင်းစုံဆွေးနွေးပွဲ (Community Dialogue for Social Harmony & Stability in Myanmar) သို့ သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရက ငြိမ်းချမ်းရေး သဝဏ်လွှာ ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်-
အကြမ်းဖက်မှု အားလုံးကို ရှုတ်ချသည် (အဓိပတိ- သီတဂူဆရာတော်)
မည်သည့် အကြမ်းဖက်မှု မျိုးကိုမဆို ဘာသာရေး ခေါင်းဆောင်တစ်ယောက် အနေနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
ဒီကနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်မှာ မည်သည့်ထောင့် မည်သည့် နေရာက မည်သူတို့ လှုံ့ဆော်သည်ဟု အတိအကျ မသိရနိုင်သော ဆူပူ သောင်းကျန်းမှုများ၊ အကြမ်းဖက်မှုများ၊ ဘာသာ အယူဝါဒနှင့် လူမျိုးမတူ ထူးခြားသူ များကို အခြားသော ဘာသာ အယူဝါဒ မတူကြသော လူမျိုးချင်းမတူ ကြသော သူတို့ဟာ အပြန်အလှန် ဆူပူ သောင်းကျန်း တိုက်ခိုက် နှောင့်ယှက် နေကြ ပါတယ်။ အထူးသဖြင့် ရခိုင် ဒေသက စလိုက်သော လူမျိုးရေး၊ ဘာသာရေး၊ ဆူပူမှုတွေဟာ မန္တလေးတိုင်း ထဲသို့ ကူးစက် ဝင်ရောက်လာပြီး မိတ္ထီလာ မြို့မှာလည်း ဗုဒ္ဓ ဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ ရန်ဖြစ်ခဲ့ကြတယ်။ အဲ့ဒီကနေ ကူးစက်ပြီးတော့ ပဲခူးတိုင်း အနောက်ဘက်ခြမ်းကို ကူးစက်သွားခဲ့တယ်။ အခြားတိုင်း နှင့်ပြည်နယ် တချို့မှာလည်း ထိတ်လန့်ဖွယ် ကောလာဟ လတွေ ဖြစ်ပေါ် နေကြတယ်။ အဲ့ဒီ ကောလာဟလတွေဟာ ဒီနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လက်တွဲ နေထိုင် လိုကြတဲ့ မြန်မာ့မြေဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမ တွေရဲ့ စိတ်ကို စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ၊ ပူပန်စိတ်တွေ ဖြစ်ပွားစေ ခဲ့တယ်။ အဲ့ဒီ ကောလာဟလ တွေဟာ နိုင်ငံသစ်၊ စနစ်သစ်၊ ငြိမ်းချမ်း သာယာသော လမ်းစဉ်သစ်တစ်ခု တည်ထောင် တဲ့ နေရာမှာ ကြီးစွာသော အနှောင့်အယှက်တွေ ဖြစ်စေခဲ့ ကြပါတယ်။ ထို့ကြောင့် ဘာသာရေး အကြမ်းဖက်မှု၊ လူမျိုးရေး အကြမ်းဖက်မှု၊ စီးပွားရေး အကြမ်းဖက်မှုအားလုံး မည်သည့် အကြမ်းဖက် မှုမျိုးကို မဆို သီတဂူ ဆရာတော်က ပြင်းထန်စွာ ရှုတ်ချပါတယ်။
မြတ်ဗုဒ္ဓရဲ့ဝါဒဟာ အဟိံသာဝါဒ Non-Violence ဝါဒသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အဟိံသာ ဝါဒဖြစ်သလို ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာ ဟိန္ဒူဘာသာ ဆိုတဲ့ အခြား ဘာသာ တရား တွေရဲ့ဝါဒများ ဟာလည်း Non-Violence ဆိုတဲ့ အဟိံသာ ဝါဒဟူ၍သာ သီတဂူ ဆရာတော်က ယုံကြည်လက်ခံ ထားပါတယ်။ ဘာသာတရား အားလုံးကို တည်ထောင်ခဲ့ကြတဲ့ ဘုရားသခင်အား လုံးတို့ဟာ လူသား အားလုံးတို့ကို ဆူပူ သောင်းကျန်းမှုတွေ ပြုလုပ်ကြဖို့ ဘယ်ဘုရားကမှ မဟောကြား ခဲ့ကြပါဘူး၊ ဘာသာအားလုံး တို့၏ တရား အမျိုးမျိုးတို့ ကလည်း ငြိမ်းချမ်းရေး- သန္တိ၊ ညီညွတ်ရေး- သမဂ္ဂ၊ အတူတကွ လက်တွဲနေထိုင် ရေး- သဟာယ Peace- Harmony- Coexistence ဆိုတဲ့ မူဝါဒများ ကိုသာ ဟောကြားဆုံးမ တော်မူကြတယ်လို့ ယုံကြည်ပါတယ်။ ထို့ကြောင့် မိမိတို့ ယုံကြည်ရာ ဘာသာတရား အသီးသီးကို လိုက်နာ ကျင့်သုံးနေကြတဲ့ ကိုးကွယ်နေကြတဲ့ ဘာသာဝင် လူမျိုး အားလုံး တို့သည် ငြိမ်းချမ်းစွာ ညီညွတ်စွာဖြင့် အတူ လက်တွဲ နေထိုင်ကြဖို့ အထူး မေတ္တာရပ် လိုပါတယ်။ Peace- Harmony- Coexistence ဆိုတဲ့ ဤအခြေခံ လမ်းစဉ်သုံးခုကို တည်ဆောက်တဲ့ နေရာမှာ သည်းခံခြင်း- ခန္တီTolerance ၊ ခွင့်လွှတ်ခြင်း- ခမာ Forgiveness လူသား တစ်ယောက်က လူသား တစ်ယောက်၏ အပြစ်တို့ကို မေ့ပျောက်နိုင် ခြင်း Forgetness ဆိုတဲ့ ဒီသုံးခုဟာ အလွန်တရာမှ အရေးကြီးပါတယ်။
နောက်ပြီးတော့ မသင့်လျော်သော ရည်ရွယ်ချက် တစ်ခုခုနဲ့ ဆူပူ သောင်းကျန်းမှု တစ်ခုခုကို ရည်ရွယ်ပြီးတော့ ကောလာဟလ နဲ့သံသယတွေကို မဖန်တီး ကြပါနဲ့လို့ တိုက်တွန်းလိုပါ တယ်။ ကောလာ ဟလနဲ့ သံသယတွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ ကြီးကျယ်တဲ့ အနှောင့် အယှက်တွေပဲ ဖြစ်ပါတယ်။ သံသယကို ဖန်တီးတဲ့ ပုဂ္ဂိုလ်တွေဟာ ကြီးလေးသော ပြစ်မှုကြီးတွေကို လွန်ကျူးနေကြ သလို ကောလာဟလ ကိုထုတ်လွှင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဟာလည်း တည်ငြိမ် အေးချမ်းရေးရဲ့ အနှောင့်အယှက် တွေပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓကမာ အနုဿ ဝေန ဂဏှိတ္ထ- တစ်ဆင့် စကား တစ်ဆင့်ကြားပြီး ချဲ့ထွင်ထားတဲ့ ကောလာဟလ တွေကို လက်တွေ့ မျက်တွေ့ မပါဘဲ ကိုယ်တိုင်လည်း သိမြင် နားလည်ခြင်း မရှိဘဲ အမှန် မယူမိကြစေဖို့ အထူး မိန့်ကြားတော် မူလေ့ရှိပါတယ်။ အဲဒါကြောင့် တိုင်းသူပြည်သား တွေကလည်း ကောလာဟလ တွေထွက်လာ တိုင်း သံသယတွေ ဝင်ပြီးတော့ တလှုပ်လှုပ် တရွရွ မဖြစ်ကြဖို့ ကောလာဟလရဲ့ ယုတ္တိတွေကို စိစစ်ပြီးမှ စဉ်းစားပြီးမှ လုပ်ကိုင် ဆောင်ရွက်ကြဖို့ သီတဂူ ဆရာတော် ပြောကြားလိုပါတယ်။
မြန်မာ နိုင်ငံဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံဖြစ်တယ်။ လူရိုင်းတွေ နေတဲ့ နိုင်ငံမဟုတ်ပါဘူး။ နှစ်ပေါင်းထောင်ချီ၍ ကြာညောင်းခဲ့ပြီ ဖြစ်တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဆရာမိဘ သူတော်ကောင်း အဆုံးအမတွေနဲ့ ဖွဲ့စည်း တည်ထောင်ထားတဲ့ နောက်ခံသမိုင်း ကြောင်း ခိုင်မာ တောင့်တင်းတဲ့ နိုင်ငံတစ် နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီမြန်မာမြေ ပေါ်မှာနေပြီးတော့ မြန်မာ့ရေကို အတူ သောက်နေကြတဲ့ မြန်မာအလံ အောက်က လူတွေ အားလုံး မြန်မာ့စိတ်ဓာတ်ကို တညီတညွတ် တည်းဖြင့် နေထိုင်ကြပါလို့ အထူး တိုက်တွန်း လိုက်ပါတယ်။
မြန်မာဆိုတာ ဗြဟ္မာကနေ တရွေ့ရွေ့ ဆင်းသက် လာတာဖြစ်တယ်။ ဗြဟ္မာရဲ့အဓိပ္ပာယ်က Noble မွန်မြတ်ခြင်း လို့ အဓိပ္ပာယ် ရပါတယ်။ မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာတရား ထားခြင်း၊ ကရုဏာ တရားထားခြင်း၊ တရား မျှတခြင်း၊ အကြောင်း အကျိုး ဆင်ခြင်တုံ တရားနှင့် ပြည့်စုံခြင်း တို့ပဲဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာတွေဟာ မွန်မြတ်သော စိတ်ဓာတ်ကို နှလုံးသားမှာ အပြည့်ထားပြီး ဆူပူ သောင်းကျန်းမှု မှန်သမျှကို တညီတညွတ်တည်း တွန်းလှန် ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို တညီတညွတ် တည်း တည်ဆောက်ကြဖို့ တိုက်တွန်း လိုပါတယ်။
မြန်မာနိုင်ငံတော်မှာ ဘုရားသားတော် သံဃာတော်ဦးရေ ငါးသိန်းနီးပါးရှိပါ တယ်။ မြန်မာ့ တပ်မတော် တစ်ခုလုံးရဲ့ အင်အားကြီးနဲ့ အညီအမျှ လောက်ပဲ ဖြစ်ပါတယ်။ မြန်မာ့ တပ်မတော်က လက်နက်ကိုင်၍ တိုင်းပြည်ရဲ့ရန်များကို တွန်းလှန် ကာကွယ်ပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေး တည်ဆောက် ရတာကို ကြည့်ပြီး အလွန်တရာ အင်အားကြီးမားတဲ့ ဘုရားသားတော် သံဃာ့ အစည်းအရုံးကြီး ကလည်း အကြမ်း မဖက်ဘဲ ဆူပူ သောင်းကျန်း ခြင်း မှန်သမျှကို မေတ္တာလက်နက် ကိုင်စွဲ၍ ဝိုင်းဝန်း နှိမ်နင်းတော်မူကြပါ။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကိုလည်း အင်လိုက်အားလိုက် ဝိုင်းဝန်း တည်ထောင် ပေးကြပါလို့ လျှောက်ထား တောင်းပန်လိုပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ညီညွတ်ရေးကို တည်ထောင် လိုသော မည်သည့် ဘာသာရေး ခေါင်းဆောင်များနှင့် မဆိုလည်း လက်တွဲ ဆောင်ရွက်တော် မူကြပါလို့ တိုက်တွန်း လိုပါတယ်။
ဒီကနေ့ ဒီအချိန်ဟာ မြန်မာနိုင်ငံတော်ရဲ့ စာမျက်နှာ အသစ်တစ်ခုကို ဖွင့်လှစ်ပြီးတော့ သမိုင်းအသစ် တစ်ခုကိုရေးကြဖို့ နိုင်ငံ့ခေါင်းဆောင် များအားလုံး ပြင်ဆင် နေကြတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘာသာရေး ခေါင်းဆောင်များ အားလုံး Religious Leaders ၊ လူမှုရေး ခေါင်းဆောင်များ အားလုံး Social Leaders နှင့် စိတ်ဓာတ်ရေးရာ ခေါင်းဆောင် Spirltual Leaders အားလုံးတို့ဟာ စိတ်ထားမှန်၍ ရည်ရွယ်ချက် မှန်မှန်ဖြင့် နိုင်ငံတော်ရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ကြမည့် နိုင်ငံ့ခေါင်းဆောင် အားလုံးတို့အား ဖေးမကူညီ စောင့်ရှောက် ပေးကြပါ။ ဒီကနေ့ ဒီအချိန်မှာယခုကဲ့သို့ Peace (သန္တိ)- Harmony (သမဂ္ဂ)- Coexi-stence (သဟာယ)ဆိုတဲ့ မွန်မြတ်သော အခြေခံ မူဝါဒတွေကို မတည်ဆောက် နိုင်ကြဘူးဆိုလျှင် သံသယတွေ၊ ကောလာဟလ တွေ၊ ဆူပူသောင်းကျန်းမှုတွေ၊ အကြမ်းဖက် လုယက်မှုတွေရဲ့ နောက်ကွယ်မှာ မမြင်နိုင်သော၊ စိုးရိမ်ဖွယ်ရာ ကောင်းသော၊ အခြား ကြီးမားသော၊ အနှောင့်အယှက် ဆန့်ကျင်ဘက်များ ဖြစ်ပေါ်လာနိုင်ပြီး ကုန်ဆုံးခါနီးဖြစ် နေသော ဆူးခင်းသော လမ်းကြမ်းကြီးမှ ပန်းခင်းသော လမ်းကြောင်းပေါ်သို့ ဆက်မလျှောက် နိုင်ဘဲ မီးကျီးခဲ ခင်းသော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိ သွားမှာကို အလွန်စိုးရိမ် ရပါတယ်။
အဲဒါကြောင့် တိုင်းရင်းသား အားလုံး ဗြဟ္မာ စိတ်ဓာတ်ကို မွေးထားကြတဲ့ မြန်မာအားလုံး အဟိံသာဝါဒ Nan-Violence ကို လက်ကိုင်ထားကြတဲ့ အခြား အခြားသော ဘာသာဝင် အားလုံးတို့ သည်းခံခြင်း Tolerance ၊ ခွင့်လွှတ်ခြင်း Forgiveness ၊ မေ့ပျောက်ခြင်း Forgetness ၊ ညီညွတ်ခြင်း Harmoniously Coexistence ဆိုတဲ့ လောကပါလ တရားများ လက်ကိုင်ထား၍ ဆူပူ သောင်း ကျန်းခြင်း အားလုံးတို့ကို ဝိုင်းဝန်း တားဆီးကြပါ။ ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေးကို ဝိုင်းဝန်းတည်ဆောက် ကြပါလို့ အလေးအနက် တိုက်တွန်း လိုက်ရ ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ဒေါက်တာ အရှင် ဥာဏိဿရ (Ph.D., D.Litt.)
အဓိပတိ-သီတဂူ ဆရာတော်