ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့က တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် စည်းကမ်း ရှိသော ဒီမို ကရေစီ ရှင်သန် ဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီ ကြပါရန် မေတ္တာ ရပ်ခံ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၃၁-၃-၂ဝ၁၃)
ပြည်ပ အရင်းအနှီးများ ဖိတ်ခေါ်ရာတွင် တိုင်းပြည် အကျိုး၊ ပြည်သူလူထု အကျိုးစီးပွား မထိ ခိုက် စေမည့် မူဝါဒများ ချမှတ်ထား . . .
တောင်သူလယ်သမား၊ အလုပ်သမားများ အဓိက လိုအပ်ချက် ဖြစ်သည့် ငွေကြေး အရင်းအနှီး ဖြည့်ဆည်း ပေးနိုင်ရန် ပြည်ပ အထောက်အပံ့နှင့် ချေးငွေများ ရယူ ဆောင်ရွက်သွားမည် . . .
မိုဘိုင်းလ် တယ်လီဖုန်း ဆင်းမ်ကတ်များ ဧပြီလမှ စပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားဖြင့် ရောင်းချ ပေးသွားမည် . . .
မိဘ ပြည်သူများ ခင်ဗျား-
ကျွန်တော့် အနေဖြင့် လစဉ် ရေဒီယိုမှ တစ်ဆင့် ပြည်သူများအား အသိပေး ပြောကြား သင့်သည် များကို ပြောကြားလျက် ရှိရာ ရှေးဦးစွာ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ကြပါစေ ရန် ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ပထမ အချက်အနေနဲ့ ကတော့ ပြည်သူအများ မျှော်လင့် စောင့်စားနေကြတဲ့ မိုဘိုင်းလ် တယ်လီဖုန်း ကိစ္စ ဖြစ်ပါတယ်။ မိုဘိုင်း လ်တယ်လီဖုန်း ဆင်းမ်ကတ်များကို ယခု ဧပြီလမှ စပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ လိုအပ် သည့် အမိန့် ကြော်ငြာစာများ ထုတ်ပြန်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားဖြင့် ကျွန်တော် ကတိပေး ပြောကြား ထားသည့် အတိုင်း ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။
မိုဘိုင်းလ် တယ်လီဖုန်း ဆင်းမ်ကတ် ရောင်းချရာမှာ တည်ဆောက်ပြီး ဖြစ်တဲ့ အခြေခံ အဆောက်အအုံ တပ်ဆင်ထားပြီး ဖြစ်သည့် လိုင်းအင်အားနှင့် ဝင်ဆံ့သည့် မိုဘိုင်းလ် တယ်လီဖုန်း အရေ အတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ် အားလုံး မျှမျှတတ ဖြစ်စေရန် ဖြန့်ခွဲရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ၎င်းအပြင် အခြေခံ တယ်လီဖုန်း အဆောက် အအုံများနဲ့ တယ်လီဖုန်း လိုင်းများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများဖြင့် လစဉ် တိုးချဲ့ တပ်ဆင်သွားမည့် အပြင် မိုဘိုင်းလ် တယ်လီဖုန်း ဆင်းမ်ကတ် များကိုလည်း လစဉ် မှန်မှန် ရောင်းချ ပေးသွား မှာ ဖြစ်တဲ့အတွက် မြို့ပေါ် ရပ်ကွက်နှင့် ကျေးလက် ဒေသအထိ ဆက်သွယ်ရေး စနစ်များ တိုးတက် ကောင်းမွန် လာအောင် စီမံချက် ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန် တည်းမှာပင် လက်ရှိ သုံးစွဲနေသည့် အော်တို တယ်လီဖုန်း လိုင်းများကိုလည်း ပိုမို ကောင်းမွန်အောင် စီမံ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဒုတိယ အချက်အနေဖြင့် ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေး ကိစ္စ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ၊ ရငွေနဲ့ သုံးစွဲ ရမည့်ငွေ ဘတ်ဂျက် အခြေ အနေ ပေါ်မှာ တွက်ချက်ပြီး အခါ အားလျော်စွာ တိုးမြှင့်ထောက်ပံ့ ပေးသွားမှာ ဖြစ် ကြောင်း ကျွန်တော်ပြောကြား ခဲ့ပြီးဖြစ်ပါတယ်။
ယခု ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေ ရငွေ သုံးငွေ စာရင်းမှာ ဝန်ထမ်း များအတွက် လစာနှင့် ပင်စင်တိုးမြှင့် ပေးနိုင်ရန် တွက်ချက်ပြီး ကျပ်ငွေ ၃၈၅ ဘီလီယံ ထည့်သွင်း၍ လွှတ်တော်သို့ တင်ပြ တောင်းခံ ခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှလည်း ဝန်ထမ်းများ၏ အခက်အခဲကို စာနာပြီး ခွင့်ပြု ပေးခဲ့ပါတယ်။ ဒါကြောင့် ယခင် ထောက်ပံ့ ပေးထားခဲ့သည့် ကျပ်ငွေ ၃ဝဝဝဝ (သုံးသောင်း) ကို ယခင်အတိုင်း ထောက်ပံ့ကြေးငွေ အဖြစ် ဆက်လက် သတ်မှတ်ပြီး ယခု ကျပ်ငွေ ၂ဝဝဝဝ (နှစ်သောင်း)ကို လစာငွေ အဖြစ် ဧပြီလ မှစပြီး ထပ်မံ၍ တိုးမြှင့် ပေးသွားမှာ ဖြစ်ပါတယ်။
တတိယ အချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်း ကူညီ ဆောင် ရွက် ပေးကြဖို့ ဖြစ်ပါတယ်။ ''ရေမြင့်ရင် ကြာတင့်တယ်'' ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရင် တိုးတက် သလောက် ပြည်သူများရဲ့ လူမှု စီးပွား ဘဝဟာလည်း မြင့်မား လာမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ အရ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိဖို့အတွက် အလုပ်ရုံ၊ စက်ရုံ များ ထူထောင်နိုင်ရန် ကျွန်တော်တို့ တိုင်းပြည်မှာ ငွေကြေး အရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်ပါတယ်။ ဒီအချက်တွေ မပြည့်စုံ သေးချိန် မှာ ပြည်ပမှ အရင်းအနှီးတွေ ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်ပ အရင်းအနှီးတွေ ဖိတ်ခေါ်ရာ မှာလည်း တိုင်းပြည်ရဲ့ အကျိုး၊ ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို မထိခိုက်စေမည့် မူဝါဒများ လည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။ ပြည်ပ အရင်းအနှီးတွေ လာရောက် ရင်းနှီး မြှုပ်နှံကြဖို့ အတွက် နိုင်ငံတကာနဲ့ လိုက်လျော ညီထွေရှိတဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကို ထုတ်ပြန် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်ပက မိမိတို့ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ တားဆီးမှုတွေ ဖြေလျှော့ ပေးနိုင်ဖို့ အတွက်လည်း ကြိုးပမ်း ဆောင်ရွက်ရာမှာ အောင်မြင်မှုအချို့ ရရှိနေပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီများ အနက်မှ အမေရိကန် ဒေါ်လာသန်း ပေါင်း (၆ဝဝဝ) ကျော်ကိုလည်း လျှော်ပစ် ပယ်ဖျက်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်နဲ့ ODA တို့မှ အတိုးနှုန်း သက်သာတဲ့ နှစ်ရှည် ချေးငွေများ ကိုလည်း ရရှိတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည် စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဘက်ဘက်မှ အထောက်အကူများ ရရှိနေပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အဓိက လိုအပ်ချက်ကတော့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးပဲ ဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုမရှိဘဲ ဆူဆူပူပူ ဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများ အားလုံးက တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရှိအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။
စတုတ္ထ အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံ အကျဆုံးလူ အများစုဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူ လယ်သမားများ ဘဝ တိုးတက် မြင့်မားရေး ဖြစ်ပါတယ်။ တိုင်းပြည် လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံတဲ့ လက်လုပ်လက်စား သမားများ ဖြစ်ပါတယ်။ လယ်ယာလုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာတာနဲ့အမျှ ပြည်သူ လူထုရဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ စားရေး၊ ဝတ်ရေးနဲ့ နေရေးတို့ ပြည့်စုံ ဖူလုံ လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တောင်သူ လယ်သမားများ အနေနဲ့ အလုပ်ကို ကြိုးစား လုပ်ကိုင်ကြပြီး လယ်ယာ ထွက်ကုန်များ ပိုမို ထွက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်ကြဖို့၊ မိမိတို့ရဲ့ လယ်မြေများ တန်ဖိုး မြင့် တက်လာအောင် လယ်မြေများကို ပြုပြင်ကြဖို့၊ အထွက် တိုးတဲ့မျိုးကောင်း မျိုးသန့်တွေကို ရွေးချယ် စိုက်ပျိုးကြဖို့၊ စနစ်တကျ သိပ္ပံနည်းကျ စိုက်ပျိုးကြဖို့နဲ့ စက်မှုလယ်ယာ ကူးပြောင်း နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။
တောင်သူ လယ်သမား၊ အလုပ်သမား များအတွက် အဓိက လိုအပ်ချက်ဟာ ငွေကြေး အရင်းအနှီး ဖြစ်တယ် ဆိုတာ ကျွန်တော့် အနေနဲ့ သိရှိ ထားပါတယ်။ ဒါကြောင့် ငွေကြေး အရင်းအနှီး ကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစား ငွေစု ငွေချေး အသင်းများနဲ့ သမဝါယမ ငွေစုငွေချေး အစုအဖွဲ့များ ထူထောင်ပြီး ကျယ်ကျယ် ပြန့်ပြန့် ကြိုး ပမ်း ဆောင် ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ပြည်ပ အထောက်အပံ့နဲ့ ချေးငွေများ ကိုလည်း ရယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။
ပဉ္စမ အချက်ကတော့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးပဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ ရဟန်းရှင်လူ ပြည်သူ အများစုဟာ တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည်၊ တရား ဥပဒေ စိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန်လိုလား ကြပါတယ်။ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု မရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့ရတာကို အားလုံး ကြုံတွေ့ ခဲ့ကြရပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှု ရှိအောင်၊ နိုင်ငံသားတိုင်း နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်ခွင့် ရအောင် ဖန်တီး ပုံဖော် ပေးခဲ့ပြီး ဖြစ် တယ်။ အကျဉ်းသား ပေါင်းများစွာ ကိုလည်း အကြိမ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး ဖြစ်ပါတယ်။ နောက်ထပ်လည်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်အောင် အကျဉ်းသား စိစစ်ရေး ကော်မတီ တစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး စီမံဆောင်ရွက်လျက် ရှိပါတယ်။ နှစ်ပေါင်း (၆ဝ)ကျော် ကြာညောင်းခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းများကိုလည်း ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ အတွက် အောင် မြင်မှု ရလဒ်များလည်း ရရှိနေပြီ ဖြစ်ပါတယ်။
သို့သော်လည်းပဲ ဒီကနေ့မှာ ကျွန်တော်တို့ ပြည်သူ အချို့ဟာ ပြဿနာ တစ်ရပ် ကြုံတွေ့ လာရင် တရားဥပဒေ နည်းလမ်းဖြင့် ဖြေရှင်းရမည့် အစား ဒေါသအလျောက် ဥပဒေကို မျက်ကွယ် ပြုပြီး လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု၊ မီးရှို့မှုများ ကျူးလွန်နေကြတဲ့ အတွက် နိုင်ငံတကာ မျက်နှာစာမှာ မျက်နှာပျက် ဖွယ်ရာများ မကြာခဏ ကြုံတွေ့ နေရပါ တယ်။ ပြဿနာ တစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံ အတွင်းမှာ ဖြေရှင်း ဆောင်ရွက်ရုံနဲ့ မပြီးဘဲ ဒေသတွင်း မှာရော နိုင်ငံတကာ နယ်ပယ်မှာပါ ရင်ဆိုင် ဖြေရှင်း နေရတဲ့ အတွက် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေပြီး တိုင်းပြည် အတွက် အခွင့်အလမ်း များလည်း နစ်နာဆုံးရှုံး စေခဲ့ ပါတယ်။
တချို့ကလည်း ပြဿနာ တစ်ခုဖြစ်လာရင် အမြန် ငြိမ်းအေးအောင် ပူးပေါင်း ဆောင်ရွက်ကြရ မည့် အစား ပြဿနာ ပိုမို ကြီးထွားအောင် နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများ၊ ကိုယ်တိုင် ပါဝင် လုပ်ဆောင်မှုများ ရှိနေကြပါတယ်။ ဒီမို ကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက် အဟန့် အတားတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့က တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းရှိသော ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးရေးတို့ အ တွက် ဝိုင်းဝန်း ကူညီကြပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်။
ကျွန်တော့် အနေနဲ့ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတအား အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များ နှင့်အညီ ပြည်သူများရဲ့ အသက် အိုးအိမ် စည်းစိမ်ကို အတတ်နိုင်ဆုံး အကာအကွယ် ပေး သွားမှာ ဖြစ်ပါတယ်။
ဆဋ္ဌမ အချက်ကတော့ မတ်လ ၂၇ ရက်နေ့ဟာ (၆၈) နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ရဲဘော်သုံးကျိပ်နဲ့ စတင် ထူထောင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ ဖက်ဆစ် တော်လှန်ရေးကို ပြည်သူများ နှင့်အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို ကာကွယ် ထိန်းသိမ်းရာမှာလည်း ပြည်တွင်း၊ ပြည်ပ အန္တ ရာယ်တွေကို တွန်းလှန် တားဆီး နိုင်ခဲ့တဲ့ သမိုင်း အစဉ်အလာ ကြီးမားတဲ့ တပ်မတော် ဖြစ်ပါတယ်။
ယခုအခါ မှာဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များကို ပြည်သူများ နှင့်အတူ ပူးပေါင်း ပါဝင်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍ တွေက ပါဝင် ဆောင်ရွက် နေပါတယ်။ တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာ တွေကို အင်အားတွေ အဖြစ် အသုံးပြု သွားကြရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ် အနေနဲ့ ဧပြီလ အတွင်းမှာ ကျရောက်မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန် ပွဲတော်မှာ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ရှိတဲ့ မိဘ ပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ နဲ့ ပျော်ပျော် ရွှင်ရွှင် ဆင်နွှဲနိုင်ကြ ပါစေရန်နှင့် အေးချမ်း သာယာသော မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါကြောင်း ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ် အပ်ပါတယ်။
မိဘပြည်သူ များအားလုံး ဘေးဘရာ ကင်းစေ၍ ကျန်းမာချမ်းသာ ကြပါစေ။
