မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 10 April 2013

လမ်းခွဲညနေ

လမ်းခွဲညနေ

ညနေခင်းအချိန်က ခါတိုင်းနှင့်မတူပဲ ငြိမ်သက်တိတ်ဆိတ်နေလေသည် ။ လေတချက်ဝှေ့လိုက်တိုင်း သစ်ရွက် များက ဟိုဟိုဒီဒီပြေးလွှားနေကြလေသည် ။ မကြာမီ နေ၀င်တော့မည် ဖြစ်၍ လိမ္မော်ရောင် ကောင်း ကင်ကြီး နောက် တွင် အိပ်တန်းပျံမည့်ငှက်များ ဟိုတစ်စုဒီတစ်စု တိတ်ဆိတ်စွာ ပျံသန်းနေကြလေသည် ။ အိုမင်းရင့် ရော်နေသော သစ်ပင်ကြီးတစ်ပင်အောက်ရှိ ခုံတန်းလျားလေး တစ်ခုပေါ်တွင် ကောင်လေးတစ်ယောက်နှင့် ကောင် မလေး တစ်ယောက် ထိုင်နေကြလေသည် ။ ကောင်လေးမျက်နှာပေါ်ဝယ် အမျိုးအမည်မသိသော စိုး ရိမ်မှု တစ်မျိုးနှင့် ထိတ်လန့်နေဟန် ညှိုးလျော်လျှက်ရှိ၏ ။

" ဒီမှာ မောင်... နင့်ကို ငါအရေးတကြီး မေးစရာရှိတယ် နင်အမှန်အတိုင်းဖြေပေးပါ "

ကောင်မလေးအသံဆုံးတော့ ကောင်လေးက မော့မကြည့်ပဲ ခေါင်းငုံ့လျှက်

" နင့်ကို ငါ ဘယ်တုန်းကများ ညာခဲ့ဖူးသလဲ သီတာရယ် "

ဟု တိုးတိတ်စွာ ပြောလေသည် ။


" ကောင်းပြီလေ မောင်.. နင်ငါ့ကို ဘာလို့ ချစ်ခဲ့တာလည်းဟင် "

" ........................"

" မောင်..ဖြေလေ ..."

( အချစ်မှာ ဘာကြောင့်ချစ်တယ်ဆိုတဲ့ အကြောင်းပြချက် လိုလို့လားကွယ်.. ငါက နင့်ကို ချစ်လို့ကို ချစ်ခဲ့တာပေါ့ သီတာ ရယ် ) ဟု ကောင်လေး စိတ်ထဲတွင်ပြောနေမိလေသည် ။

" မောင် ဘာလို့မဖြေတာတုန်း "

" မဖြေတာမဟုတ်ဘူး သီတာ မေးခွန်းကိုက အဖြေမရှိတာပဲ "

" ဘာရယ်.. ဘုရားရေ..ကျွန်မကို မောင် ဘာကြောင့်ချစ်တယ်ဆိုတဲ့အဖြေကိုတောင် မပေးနိုင် တော့ဘူး လား မောင် .. ဒါနဲ့များ မောင့်ရဲ့ဘ၀ထဲကို ကျွန်မ ဘယ်လို ခွန်အားမျိုးနဲ့ တိုးဝင်ရမလည်း ပြောပါဦး "

ကောင်လေးက ဖြေးညှင်းစွာမော့ရင်း ကောင်းကင်သို့ အဓိပ္ပါယ်မဲ့ ငေးမောကြည့်နေလေသည် ။

" သီတာ ..မောင့်ကို ဘာလို့ အဲဒီမေးခွန်းမေးရတာလည်း "

" ဟင်း..ဟင်း..မောင်ကသိပ်ရယ်ဖို့ကောင်းတာပဲ မောင်ပဲ စဉ်းစားကြည့်လေ သီတာတို့ အခုတွဲနေတာ နှစ်နဲ့ချီ နေပြီ မောင့်ဖက်က သီတာကို တင့်တောင့်တင့်တယ်ထားမယ်ဆိုတဲ့စကား မောင်သီတာ့ကို ဘယ်တုန်းကများ ပြောခဲ့ ဖူးသလဲ မောင်ဟာအချိန်ရှိတိုင်း ဒီစာတွေကဗျာတွေနဲ့ပဲ အချိန်ကုန်နေတယ် ဒီမယ်မောင် မောင်သိ ထားဖို့က သီတာ့ကိုနောက်အပတ်ကျရင် အိမ်က သဘောတူတဲ့လူနဲ့ ပေးစားတော့မယ် ဒါပေမယ့် မောင်သိ ထားဖို့က အမေတို့က ဒီကိစ္စကို သီတာသဘောမတူပဲနဲ့ ဘာမှမလုပ်ဘူးတဲ့ သမီးကောင်လေးက သမီးကို ဘယ် တော့ လက်ထပ်မှာလည်းတဲ့ သူက ဘာအလုပ်လုပ်သလဲတဲ့ အဲဒီအဖြေတွေကို ငါ မဖြေနိုင်ခဲ့ဘူးမောင် နင်ငါ့ကို ဘယ်တော့လက်ထပ်မှာလည်းဆိုတာ ငါမသိဘူးမောင် ဒါပေမယ့် ငါ နင့်ကို စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့ပါတယ် ။ ဒါပေမယ့်...ငါငါ...ဘယ်အချိန်ထိဒီအတိုင်းဆက်နေရဦးမလဲ ..နင့်ကို ငါက ကဗျာဆရာလို့ပြောတော့ အဖေက ငါ့ကို ခနဲ့သလိုလိုရှုတ်ချသလိုလိုနဲ့ တချက်ပဲကြည့်ခဲ့တယ် ...ဒါပေမယ့် အဲဒီအကြည့်ဟာ ငါ့ကို နင့်ကောင် ကဗျာ တွေ စာတွေရေးတဲ့ကောင်က နင့်ဘ၀ကို ဘာအာမခံချက်များ ပေးနိုင်သလဲဆိုတဲ့မေးခွန်းတွေမေးပြီး ရင်ဝကို ဓါးနဲ့ ထိုးနေသလိုပဲဟာ.. ဒါတွေကို နင်သိလားမောင် "

" တော်...တော်ပါတော့သီတာရယ် "

" မတော်နိုင်ဘူးမောင် ငါနင့်ရဲ့ ကဗျာတွေစာတွေရေးတဲ့အလုပ်ကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပါဘူး ..ဒါပေ မယ့်မောင်ရယ် ငါတို့က လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းနဲ့နေတာလေဟာ ..ဒီတော့ လူတွေလက်ခံထားတဲ့ ဂုဏ်တွေ ငွေတွေတော့ရှိရလိမ့်မယ် ..မောင်..ထမင်းရေအတူလျှက်ရပါစေရဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာနေ ဆိုရ လောက်အောင်တော့ ငါမမိုက်မဲသေးဘူးမောင်..ဒီတော့ နင်ငါ့ကို အဖြေတစ်ခု ပြတ်ပြတ်သားသားပေးပါ နင့်ရဲ့ ကဗျာရေးတဲ့အလုပ်ကို စွန့်လွှတ်မလား ငါ့ကိုစွန့်လွှတ်မလား နင်ဘယ်နေ့ဘယ်ရက်ငါ့ကို လပ်ထပ်ယူမလည်း အဲဒီလို မေးတဲ့အတွက် ငါ့ဖက်က သိက္ခာ အများကြီးကျပါတယ်မောင် အဲဒီအဖြေနှစ်ခုကို နင်ဖြေပေးပါ "

" ...................."

" ဖြေလေမောင်ရဲ့ "

ကောင်မလေးက မျက်ရည်ဝဲ၀ဲ အသံတုန်တုန်ရီရီဖြင့်မေးနေလေသည် ။

" မောင်..ဖြေလေဟာ "

" သီတာ..ငါ...ငါ "

" တော်တော့မောင်..ငါ...ငါ နင့်ကို သိပ်မုန်းတယ်သိလား ..နင်င့ါကို ချစ်တဲ့အချစ်ဆိုတာ ဘာလဲဟ နင့်ကဗျာ တွေက ငါ့တို့ အချစ်တွေထက်ပိုပြီး လေးနက်ခဲ့လို့လား ...နင်...နင် သိပ်ရက်စက်တယ် "

" သီ..တာ..ငါ ..ငါ ရှင်းပြပါရစေဦးဟာ နင်သေချာနားထောင်ပါ တကယ်တော့ နင်နားမလည်တာပါ သီတာရယ် လူတော်တော်များများက အချစ်နဲ့ ဘ၀ကို ရောထွေးပစ်တတ်ကြတယ် "

ကောင်လေးက စကားကို ခဏရပ်ပြီး မြေပြင်ကိုစိုက်ကြည့်နေတယ် ။ ကောင်မလေးကလည်း ခံစားချက်မဲ့သွားတဲ့ မျက်ဝန်းသေတွေနဲ့ မြေပြင်ကို စိုက်ကြည့်လို့

" ငါနင့်ကို ချစ်တယ် ဒါဟာ မှန်သောသစ္စာစကားပဲ နင်က ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ငါ့ရဲ့ချစ်သူပါ ..ဒါပေ မယ့်သီတာရယ် နင်လိုချင်တဲ့ ဂုဏ်တွေငွေတွေဟာ အစကတည်းက ငါ့မှာမရှိတဲ့အရာတွေပဲဟာ နင်လည်း ဒါကိုသိပါတယ် ..အမှန်အတိုင်းပြောရရင် နင့်ကိုလည်း ငါ့ဘ၀ထဲ ဆွဲမခေါ်ရက်ပါဘူးဟာ ...ဒီတော့ ဘ၀ဆိုတဲ့ အရာထဲကို ၀င်တော့မယ်ဆိုရင် နင်စိတ်ချမ်းသာသလိုသာ ဆုံးဖြတ်ပါ ငါနာခံပါ့မယ်...ဒါပေမယ့် ကဗျာကိုတော့ ငါမ စွန့်လွှတ်နိုင်ဘူး သီတာ ကဗျာကငါ့အသက်ပါ "

" တော်..တော်လောက်ပြီ မောင်..ငါ..နားလည်ပါပြီ ဟုတ်တာပေါ့ ..ငါက အချစ်နဲ့ဘ၀ကို ရောထွေး မိသွား တာကိုး...ဒီတော့ငါအိမ်က သဘောတူတဲ့ လူနဲ့ပဲ လက်ထပ်တော့မယ်.. ချစ်တာကတော့ နင့်ကိုပဲပေါ့ဟာ ဘ၀အ တွက် ငါအိမ်ထောင်ပြုမယ် ဒီညနေလေးမှာငတ်အချစ်ကို ငါအသေသတ်လိုက်ပြီ နင်ကတော့ နင့်ကဗျာတွေနဲ့ နေ ရစ်ဦးပေါ့ ....သွားတော့မယ် မောင်ရယ်...Good bye "

ကောင်မလေးက ထိုင်ခုံပေါ်မှ ထ၍ တရွေ့ရွေ့ ထွက်ခွာသွားလေသည် ။ ကောင်လေးကတော့ ခဏနေမှ ခေါင်း ငိုက်စိုက်ချ၍ ကောင်မလေးထွက်ခွာသွားရာနှင့် ဆန့်ကျင်ဖက်အရပ်သို့ ထွက်ခွာသွားလေသည် ။ ခဏနေတော့ သူတို့ထိုင်ခဲ့သောထိုင်ခုံလေးပေါ်တွင် သစ်ရွက်ကြွေလေးနှစ်ရွက် လေတိုက်ခတ်မှုကြောင့် ဝေ့၀ဲဝေး လွင့်သွား လေတော့သည် ။ ဆန့်ကျင်ဖက် နှလုံးသားတစ်စုံနှင့် ကောင်လေးနှင်ကောင်မလေးရဲ့ရင်ထဲမှာတော့ နှလုံးသား တွေ ပြိုကျပျက်စီးခဲ့ပြီဆိုတာကိုတော့...................။