ကမ္ဘာ့ ကုန်စည်ပြပွဲ -၂ဝ၂ဝ အား ရုရှားနိုင်ငံ၏ စတုတ္ထ အကြီးဆုံးမြို့ ဖြစ်သည့် Yekaterinburg ၌ ကျင်းပ ပြုလုပ်ခွင့် ရခဲ့ပါက အဆိုပါ ပြပွဲ ပြင်ဆင်ရေးနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံအား ရုရှား အစိုးရမှ ခွင့်ပြုရန် စီစဉ်ထားကြောင်း ရုရှား ဒုတိယ ဝန်ကြီးချုပ် Arkady Dvorkovich က ပြောကြား ခဲ့ပါသည်။
အဆိုပါ ငွေကြေး ပမာဏအား ပြပွဲပြုလုပ်မည့် နေရာ ပြင်ဆင်ခြင်း၊ ပြခန်း ယာယီအဆောက်အဦများ ဆောက်လုပ်ခြင်းတို့ အတွက် အသုံးပြုမည် ဖြစ်ကြောင်း ကုန်စည်ပြပွဲ -၂ဝ၂ဝ ဖွဲ့စည်းရေး ကော်မတီ အကြီးအကဲလည်း ဖြစ်သူ Dvorkovich က ပြောကြား ခဲ့ပါ သည်။ ကမ္ဘာ့ ကုန်စည်ပြပွဲ -၂ဝ၂ဝ ကျင်းပရာတွင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ၊ သို့မဟုတ် ရူဘယ် ၆ဝ ဘီလီယံ ကျော် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်းနှင့် အဆိုပါ အသုံးစရိတ်အား ကဏ္ဍ အသီးသီးရှိ ဘတ်ဂျက် များမှ ကျခံ သုံးစွဲသွား မည် ဖြစ်ကြောင်း Voice of Russia အသံလွှင့် ဌာနနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခု၌ Dvorkovich က ပြောကြား ခဲ့ပါသည်။
အဆိုပါ ကုန်စည်ပြပွဲ ပြုလုပ်ခြင်းကြောင့် အကျိုးအမြတ် အများအပြား ရရှိမည် မဟုတ်သော်လည်း ရရှိ လာသည့် အကျိုးအမြတ် များအား ၂ဝ၂၂ ခုနှစ်တွင် ဆောက်လုပ်မည့် ကမ္ဘာ့ ကုန်စည်ပြပွဲ ဆိုင်ရာ အခြေခံ အဆောက်အဦ လုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြု သွားမည် ဖြစ်ပြီး အချို့ အကျိုးအမြတ် များအား နိုင်ငံတကာ ကုန်စည် ပြပွဲဌာန (Bureau of International Expositions-BIE) သို့ လွှဲအပ်သွားမည် ဖြစ်ကြောင်း ၎င်းမှ ပြောကြား ခဲ့ပါသည်။ ထိုသို့ ကုန်စည်ပြပွဲ ပြုလုပ်ခြင်းသည် Yekaterinburg မြို့ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် အထောက်အကူ ပြုမည် ဖြစ်ပြီး အခွန်ထမ်းဆောင်သူ များအား အဟန့်အတား ဖြစ်စေမည် မဟုတ်ကြောင်း ၎င်းမှ ထပ်လောင်း ပြောကြား ခဲ့ပါသည်။ လွန်ခဲ့သည့် သီတင်းပတ် အတွင်း၌ BIE စစ်ဆေးရေး ကော်မရှင် အဖွဲ့ ရောက်ရှိစဉ် Yekaterinburg မြို့၌ ကုန်စည်ပြပွဲ ပြုလုပ်ရေးအား ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် ရုရှား ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်တို့က ထောက်ခံ ပြောကြားခဲ့ပြီး ရုရှားလွှတ်တော် အမတ်များမှလည်း တညီတညွတ် တည်း ထောက်ခံ ခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ ကုန်စည်ပြပွဲအား Yekaterinburg မြို့တွင် ကျင်းပနိုင်ခဲ့ ပါက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု၌ အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံမှ ၁၅ ဘီလီယံအထိ ပါဝင်လာစေရန် ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ ရုရှား နိုင်ငံ အနေဖြင့် ကမ္ဘာ့ ကုန်စည်ပြပွဲအား လက်ခံ ကျင်းပခဲ့ဖူးခြင်း မရှိကြောင်းနှင့် ကမ္ဘာ့ ကုန်စည်ပြပွဲ အား ၁၈၅၁ ခုနှစ်မှစ၍ ၅ နှစ်တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ပထမဦးဆုံးအကြိမ် ကုန်စည်ပြပွဲအား လန်ဒန်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ၂ဝ၁၅ ခုနှစ် ကုန်စည်ပြပွဲအား မီလန်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
