တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်သတဲ့ ။ အဲဒီဘုရင်ကြီးမှာ လွန်စွာ ချောမောလှပတဲ့ သမီးတော်လေးတစ်ပါးရှိတယ် ။ အချိန်တန်အရွယ်ရောက်လာတဲ့အခါ ဘုရင်ကြီးလည်း သူ့ရဲ့ထီးနန်းဆက်ခံဖို့အတွက် ယောင်္ကျားသားတစ်ဦးကို အလိုရှိလာခဲ့တယ် ။ ဒါပေမယ့် သူတို့တိုင်းပြည်မှာ မိန်းကလေးက အုပ်ချုပ်သူဖြစ်ခွင့်မရှိဘူးဆိုတဲ့ စည်းကမ်းကြောင့် မြေးတော်လေးတစ်ပါးဖွားမြင်မှသာ အိမ်ရှေ့စံရာထူးပေးနိုင်မှာဖြစ်တယ် ။ ဒီတော့ဘုရင်ကြီးလည်း သမီးတော်လေး ၁၆ နှစ်ပြည့်တဲ့အခါ ကြင်ယာရွေးချယ်ပွဲပြုလုပ်ပါသတဲ့ ။
အတတ်ပညာ ၁၆ ရပ်ပြိုင်ပွဲကြီးကျင်းပပြီး အခြားအခြားသော တိုင်းပြည်တွေက မင်းသားငယ်တွေမင်းသားကြီးတွေလည်းဝင်ပြိုင်ကြပါသတဲ့ ။ ၇ ရက် ၇ လီတိုင်တိုင် ကျင်းပတဲ့ ကြင်ယာ ရွေးချယ်ပွဲကြီးမှာ ခြိမ့်ခြိမ့်သည်းစည်ကားလွန်းခဲ့တယ် ။ အဲဒီမှာ ပွဲတိုင်းနာမည်ကြီးနေတာကတော့ သာမန်မထင်မရှားရွာကလေးကနေ လာပြိုင်တဲ့ မောင်သုတ ဆိုတဲ့ လူငယ်လေးနဲ့ တခြားတိုင်းပြည်ရဲ့ မင်းသား မောင်ရူပ ဆိုတဲ့ လူငယ်နှစ်ဦးဖြစ်လို့နေတယ် ။ သူတို့ ၂ ဦးဟာ လက်ရည်ချင်းညီမျှသလို လက်ရည်လည်းညီမျှသလို ယှဉ်ပြိုင်မှုအားလုံမှာ အနိုင်ရလာပြီးနောက်ဆုံးပွဲစဉ်အထိ တက်ရောက်လာခဲ့တယ် ။
နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ အတိုက်အခိုက် နဲ့ ဥာဏ်စွမ်းရည်ပြိုင်ပွဲကို ဘုရင်ကြီးနဲ့ သမီးတော်လေးရှေ့မှာ ကျင်းပစေခဲ့တယ် ။ တစ်ရက်တိတိ သူတို့ ၂ ယောက်စလုံးယှဉ်ပြိုင်ပြီးတဲ့အခါ ဘယ်သူ့ဘယ်သူမှ မှအနိုင်မရရှိပဲ သရေကျနေခဲ့တယ် ။ ဒီတော့ ဘုရင်ကြီးက သူတို့ ၂ ယောက်စလုံးကို ရှေ့တော်ကိုခေါ်ယူစေခဲ့တယ် ။ ပြီးတော့ ၂ ယောက်စလုံးကို သစ်စေ့လေးတစ်စေ့စီပေးပြီး ပြောတယ် ။
“ ဒီသစ်စေ့လေးဟာ အဖိုးတန်တဲ့ ရှားပါးသစ်ပင်တစ်ပင်ကသစ်စေ့လေးဖြစ်တယ် မောင်မင်းတို့ ၂ ယောက်ကို အချိန် ၅ လပေးမယ် အဲဒီ ၅ လအတွင်းမှာ သစ်စေ့လေးကို ရှင်သန်ကြီးထွားအောင် ကြိုးစားကြပါ အပင်ကြီးထွားတဲ့သူ အပွင့်အရင်ပွင့်တဲ့သူကို ငါကိုယ်တော်ရဲ့သမီးတော်နဲ့ ထိမ်းမြားမင်္ဂလာပြုပေးမှာဖြစ်တယ် ” လို့မှာကြားပြီး နေရပ်အသီးသီးကိုပြန်လွှတ်လိုက်တယ် ။ ဒီလိုနဲ့ မောင်ရူပ နဲ့မောင်သုတတို့လည်း အိမ်ကို ပြန်ပြီး အိုးကလေးတွေထဲ မြေဆီတွေထည့် ပြီး သစ်စေ့လေးတွေကို ရေပုံမှန်လောင်းလို့ အပင်လေးပေါက်လာအောင်အစွမ်းကုန်ကြိုးစားကြတယ် ။ ဒီလိုနဲ့ ၂ ပန် ၃ ပတ်သာကြာပြီး တစ်လနီးပါးဖြစ်လာပေမယ့် ဘာမှထူးခြားမလာခဲ့ဘူး ။
မောင်ရူပ ကစဉ်းစားတယ် ။ “ အင်းဘုရင်ကြီးကပေးလိုက်တဲ့ သစ်စေ့ကိုငါ အပင်ပေါက်အောင်မစိုက်နိုင်ရင်တော့ ငါ မင်းသမီးလေးနဲ့လက်ဆက်ပြီးတိုင်းပြည်အုပ်ချုပ်ခွင့်ရမှာမဟုတ်တော့ဘူး ဒီတော့ ငါ အပင်ပေါက်အောင်တစ်ခုခုကြံရမယ် ” ဆိုပြီးတွေးတောနေသတဲ့ ။ အဲဒီအချိန်မောင်သုတကတော့ “ အင်းဘုရင်ကြီးက ပေးလိုက်တဲ့ သစ်စေ့ဟာ ဘာကြောင့် အပင်မပေါက်သလဲဆိုတာ စဉ်းစားစရာပဲ ငါ ထပ်ကြိုးစားကြည့်ဦးမယ် ” ဆိုပြီး တွေးတောခဲ့တယ် ။ ပြီးတော့ မောင်ရူပက အပင်ပေါက်အောင် အမျိုးအစားတူ အခြာသစ်စေ့တစ်စေ့ကို ရအောင်ရှာပြီး အပင်ပေါက်အောင်စိုက်ခဲ့တယ် ။ မောင်သုတကတော့ အပင်မပေါက်တဲ့သစ်စေ့လေးကိုပဲ အချိန်မှန်ရေလောင်းပေးနေခဲ့တယ် ။
အချိန် ၅ လကြာပြီးနောက် ----------------
ဘုရင်ကြီးရဲ့ရှေ့ကို မောင်သုတနဲ့မောင်ရူပတို့ ၂ ယောက်စလုံးရောက်ရှိလာခဲ့တယ် ။ မောင်ရူပ လက်ထဲမှာတော့ တစ်ပေသာသာမြင့်တဲ့အပင်ကလေးရယ်အဲဒီအပင်ကလေးမှာလည်းအပွင့်ကလေးတွေနဲ့ ပျော်ရွှင်နေတဲ့မျက်နှာနဲ့ အခစားဝင်ရောက်ခဲ့တယ် ။ မောင်သုတ ကတော့ အပင်မပေါက်သေးတဲ့ သစ်စေ့လေးကိုပဲကိုင်ဆောင်လာခဲ့တယ် ။ မှုးမတ်တွေနဲ့ လူအပေါင်းစုံလင်တဲ့အချိန်ရောက်တဲ့အခါ ဘုရင်ကြီးက အောက်ပါအတိုင်းမိန့်တော်မူခဲ့တယ် ။
“ တကယ်တော့ မောင်သုတနဲ့မောင်ရူပတို့ ၂ ယောက်ဟာ စွမ်းရည်ညီတူဖြစ်နေလို့ ငါကိုယ်တော်က သူတို့ရဲ့ ရိုးသားမှုကို စမ်းသပ်ခဲ့ခြင်းသာဖြစ်တယ် ။ သူတို့ကို ပေးလိုက်တဲ့သစ်စေ့တွေဟာ အပင်မပေါက်နိုင်တဲ့ သစ်စေ့တွေသာဖြစ်ပြီး မောင်ရူပကတော့ အပင်တွေပေါက်လို့အပွင့်တွေပါ ပွင့်လာခဲ့တယ် ။ မောင်သုတကတော့ သစ်စေ့လေးအတိုင်းပြန်ယူလာခဲ့တယ် ။ ဒါကိုကြည့်ခြင်းအားဖြင့်မောင်ရူပဟာ ရိုးသားမှုမရှိပဲ လိမ်လည်ပြီးအတုလုပ်ခဲ့သူဖြစ်ပြီးမောင်သုတကတော့ ရိုးသားမှုအပြည့်ရှိသူဖြစ်တယ် ဒီတော့ မောင်သုတကို သာ သမီးတော်လေးရဲ့ ကြင်ယာတော်အဖြစ်ရွေးချယ်လိုက်ပါတယ် ”
@@@@@@@@@@@@@@@@@@@@@@@@@@
လူဆိုတာကိုယ့်ရိုးသားမှုကို ကိုယ်မှတ်ကျောက်တင်နိုင်စွမ်းရှိရမယ် ။ ရူပ ဆိုတဲ့ အဆင်းသဏ္ဍာန်ဟာ လိမ်လည်လှည့်ဖျားခြင်းအသွင်ဆောင်တယ် ။ ဘယ်လောက်ပဲချောမောနေပါစေ အချိန်တန်ရင် ဇရာရဲ့ထိုးနှက်ချက်ကိုခံရပြီး အိုမင်းရင့်ရော်သွားမှာအမှန်ပါပဲ ။ သုတဆိုတဲ့ ဥာဏ်ပညာဗဟုသုတနဲ့ပြည့်စုံခြင်းကသာလျှင် ဘယ်လိုအရာမှမဖျက်ဆီးနိုင်တဲ့အဖိုးတန် အလင်းရောင်ကလေးဖြစ်တယ် ။ ရူပနဲ့သုတကို ရွေးချယ်တဲ့အခါ သင်တို့လည်း သုတကိုသာရွေးချယ်နိုင်ပါစေ ။
