မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

ယူဂန္ဓာ နိုင်ငံသည် ဗဟို အာဖရိက နိုင်ငံတွင် ဆောင်ရွက်လျက် ရှိသော စစ်ဆင်ရေး များအား ရပ်ဆိုင်း ခဲ့ခြင်း

ယူဂန္ဓာ စစ်တပ်သည် ဘုရားသခင်၏ တော်လှန်ရေး သူပုန်တပ်ဖွဲ့ (LRA) ကို ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသော ဗဟိုအာဖ ရိက နိုင်ငံ၏ စစ်ဆင်ရေးများအား ရပ်ဆိုင်း ခဲ့ကြောင်း ဧပြီလ ၂ ရက် နေ့တွင် ကြေညာခဲ့ ပါသည်။

ဗဟိုအာဖရိက နိုင်ငံတွင် ဆယ်လီကာ သူပုန်များမှ ဗဟိုအာဖရိက အစိုးရအား ဖြုတ်ချကာ အာဏာ သိမ်းယူ ခဲ့မှုကြောင့် ၎င်းတို့၏ စစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း ယူဂန္ဓာ စစ်ဘက် နိုင်ငံရေး အကြီးအကဲ ဗိုလ်မှူးကြီး Felix Kulayigye က ပြောကြားခဲ့ ပါသည်။ ဗဟိုအာဖရိက နိုင်ငံတွင် ဆောင်ရွက် လျက်ရှိသော အာဖရိက သမဂ္ဂ (AU) ၏ စစ်ဆင်ရေးများသည် ဗဟိုအာဖရိက သမ္မတ ဖရန်ကို့စ် ဘိုဇိုင်းနှင့် သဘော တူညီမှုအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခု ကြားဖြတ် အစိုးရသစ် ဆယ်လီ ကာ သူပုန်များအား အာဖရိက သမဂ္ဂ (AU) မှ အသိအမှတ်ပြုခြင်း မရှိသည့်အတွက် စစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့ ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး Felix Kulayigye က ပြောကြား ခဲ့ပါသည်။


နိုင်ငံတကာ တရားရုံး (ICC) မှ အလိုရှိနေသော Joseph Kony ဦးဆောင်သည့် LRA သူပုန် အဖွဲ့အား ထိုးစစ်ဆင်နေမှုများတွင် အမေရိကန် တပ်ဖွဲ့များသည်လည်း ကူညီတိုက်ခိုက်လျက် ရှိကြောင်း၊ ဗဟိုအာဖရိ ကနှင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံတို့၏ နယ်စပ်ဒေသ တစ်လျှောက်တွင် ခြေကုပ်ယူ ထားသော ယူဂန္ဓာ LRA သူပုန်များကို တိုက်ခိုက်ရန် အတွက် အမေရိကန် တပ်ဖွဲ့ဝင် ၁ဝဝ ကျော် စေလွှတ်ခဲ့ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း ဗဟိုအာဖရိကရှိ အာဏာသိမ်းမှုကြောင့် ၎င်းတို့၏ စစ်ဆင်ရေး များကို ရပ်ဆိုင်း ရန် သဘော တူညီခဲ့ကြကြောင်း ယူဂန္ဓာ စစ်ဘက် နိုင်ငံရေး အကြီးအကဲက ထပ်လောင်း ပြောကြားခဲ့ ပါသည်။ ဗဟိုအာဖရိက နိုင်ငံရှိ အာဖရိက သမဂ္ဂ၏ စစ်ဆင်ရေးများကို ရပ်ဆိုင်း ခဲ့ခြင်းကြောင့် LRA သူပုန် များသည် အမျိုးသမီးနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ပြန်လည် စုဖွဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ သို့သော် လည်း ထောက်ပံ့မှုများ မရရှိသည့် အတွက် ၎င်းတို့စိတ်ကြိုက် ဆောင်ရွက်ခွင့် မရရှိနိုင်ကြောင်း ဗိုလ်မှူးကြီး Kulayigye က ပြောကြားခဲ့ပါသည်။ ယူဂန္ဓာနှင့် ဒေသတွင်း နိုင်ငံများမှ စစ်တပ်များသည် Great Lake ဒေသတွင် သောင်းကျန်း ဖျက်ဆီးမှုများ ပြုလုပ်နေသော LRA သူပုန် အဖွဲ့အား ချေမှုန်းနိုင်ရန် အတွက် အာဖရိက သမဂ္ဂ တပ်ဖွဲ့များနှင့် လက်တွဲ လုပ်ဆောင်လျက် ရှိကြောင်းနှင့် ဗဟိုအာဖရိက အစိုးရသစ်အား အာဖရိက သမဂ္ဂက အသိအမှတ် ပြုပြီးနောက်မှသာ ယူဂန္ဓာ စစ်တပ် အနေဖြင့် ၎င်း၏ စစ်ဆင်ရေး များကို ပြန်လည် စတင်သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။