ငါးသလောက်ပေါင်း
ပါဝင်သော ပစ္စည်းများ
ငါးသလောက် (တစ်ကောင်) - ၁ ပိဿာ
ဆီ - ၁၀ ကျပ်သား
ငံပြာရည် - ၂ စားပွဲဇွန်း
ရှာလကာရည် - ၁/၂ ခွက်
ဆား - ၂ စားပွဲဇွန်း
သကြား - ၁ စားပွဲဇွန်း
ငရုတ်သီးပွခြောက် - ၆ တောင့်
ချင်း - ၁ လက်မ
ကြက်သွန်နီ - ၅ ကျပ်သား
ကြက်သွန်ဖြူ - ၃ ကျပ်သား
ခရမ်းချဉ်သီးမှည့် - ၁၅ ကျပ်သား
ကြိုတင်ပြင်ဆင်ရန်
ငါးသလောက်ကို (၃)လက်မအရွယ် လှီးဖြတ်ကာ ဆီ၊ ငံပြာရည်၊ ရှာလကာရည်၊ ဆား၊ သကြားတို့ဖြင့် နာနာနယ်ပြီး (၂)နာရီခန့် နှပ်ထားပါ။ ငရုတ်သီး၊ ချင်းနှင့် ကြက်သွန်နီတို့ကို ညက်အောင် ထောင်းထားပါ။ ကြက်သွန်ဖြူ အခွံသင်ပါ။ ခရမ်းချဉ်သီး အစေ့ထုတ်၍ ပြုတ်ပြီး အနှစ်တိုက်ထားပါ။
ပြုလုပ်ပုံ အဆင့်ဆင့်
ပေါင်းရန်
ဒန်အိုးကြီး၏ အောက်ခြေ၌ လေးထောင့်ကွက် ဝါးချောင်းကို အိုးဖင်နှင့် ကွက်တိထည့်ပါ။ ၎င်းအပေါ်မှ နှပ်ထားသော ငါးသလောက်များ ဖြန့်ထည့်ကာ ငါးအပေါ်မှ ရေ ၂ ၁/၂ လက်မ ဖုံးသည် အထိ ထည့်ပါ။ အဖုံးလုံအောင် အုပ်ပြီး မီးအေးအေးဖြင့် တည်ပါ။ ရေများခန်းစ ပြုပြီး ငါးနှင့် မျက်နှာပြင်အညီ ဖြစ်နေလျှင် ထောင်းထားသည်များကို ဖြန့်ထည့်ပြီး ကြက်သွန်ဖြူကိုပါ ထည့်ကာ အဖုံးအုပ်တည်ပါ။ ရေများခန်းသွားလျှင် ငါးခေါင်းရိုးကို စမ်းကြည့်ပါ။ မနူးသေးလျှင် ရေနွေး အနည်းငယ်ထည့်ပြီး နူးသည်အထိ ပြန်ပေါင်းပါ။ ဆီပြန်ကာနီး အချိန်တွင် ခရမ်းချဉ်သီးအနှစ်များ လောင်းထည့်ပြီး အိုးကို လှုပ်ပေးရပါမည်။ ငါးအသားတုံး ပုံစံပျက်သွားတတ်၍ ယောင်းမဖြင့် မမွှေရပါ။ ပြီးလျှင် တည်ခင်း၍ ရပြီ ဖြစ်ပါသည်။
